၇. ၁၀. ၂၀၂၃
Photo & Writer by Ye Kyaw
အခြေခံလူတန်းစားများ အဓိကသုံးနေသော ဓာတ်ဆီ ၉၂ တစ်လီတာ ကျပ် ၂၀၀၀ အောက်ကျဆင်းလာချိန်တွင် ဆီဆိုင်အချို့ ဆီဈေးနှုန်းမဖွင့်လှစ်ခြင်း၊ ဆီမရောင်းတော့သဖြင့် ရောင်းပေးသည့်ဆိုင်အချို့မှာပင် တန်းစီဝယ်ယူနေရကြောင်း သိရသည်။
“ဒီနေ့ ညနေ ၃ နာရီလောက်ကတည်းက အခြားဆိုင်တွေ မရောင်းတော့လို့ ဒီဆိုင်မှာရောင်းလို့ လာတန်းစီရတာ။ မနက်ဖြန်လည်း ခရီးသွားမှာမို့၊ လိုချင်သလောက်ရမလားဆိုတာတော့ မသိသေးဘူး။ အထဲရောက်မှ သိရမှာ။ ဟိုဘက်ခြမ်းကနေ တန်းစီနေတာလည်းရှိသေးတယ်” ဟု တာမွေမြို့နယ်၊ တာမွေအဝိုင်းအနီးရှိ ဆီအရောင်းဆိုင်တွင် တန်းစီဝယ်ယူနေသူတစ်ဦးက ပြောသည်။

စက်သုံးဆီ လာရောက်ဝယ်ယူသည့်ကားများကို ဆိုင်ဝန်ထမ်များက လမ်းရှင်းပေးနေရသည့်အထိ တန်းစီနေရပြီး ဆီဆိုင်အတွင်းရောက်ရှိသော်လည်း ကားတစ်စီးကို ကျပ် ၂၀,၀၀၀ ဖိုးသာ ကန့်သတ်ချက်ဖြင့် ရောင်းပေးခြင်းဖြစ်သည်။
“လိုသလောက်မရပါဘူး။ နှစ်သောင်းဖိုးပဲ ရောင်းပေးတာ။ အခြားဆိုင်တွေက ရောင်းတောင် မရောင်းဘူးလေ” ဟု ဆီထည့်ပြီး ဆိုင်အတွင်းမှ ထွက်လာသူက ပြောသည်။
အောက်တိုဘာ ၇ ရက် (ယနေ့)တွင် အောက်တိန်း ၉၂ တစ်လီတာ ၁၉၄၅ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာ ၂၀၉၀ ကျပ်၊ ရိုးရိုးဒီဇယ်က တစ်လီတာ ၂၂၇၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ ၂၃၁၀ ကျပ် အထိကျဆင်းသွားကြောင်း ပြည်တွင်းစက်သုံးဆီ အရာင်းဆိုင်များမှ သိရသည်။ စက်သုံးဆီဈေးနှုန်းမြင့်တက်ခဲ့သော ပြီးခဲ့သည့် စက်တင်ဘာလအလယ်နှင့် နှိုင်းယှဉ်ပါက စက်သုံးဆီ အမျိုးစားအလိုက် တစ်လီတာကို ကျပ် ၃၀၀ မှ ၄၀၀ ကြားကျဆင်းလာခဲ့သည်။

ယနေ့တွင် ကမ္ဘာ့ရေနံဈေးနှုန်း WTI မှာ ၈၂ ဒသမ ၇၉ ဒေါ်လာသာရှိပြီး ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းနှင့်နှိုင်းယှဉ်လျှင် ၁၀ ဒေါ်လာဝန်းကျင် ကျဆင်းသွားခဲ့ခြင်းဖြစ်သည်။
ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ မြင့်တက်နေစဉ်က ဈေးနှုန်းမြင့်တက်နေမှုသည် ဈေးကစားခြင်းကြောင့် မဟုတ်ဘဲ ကမ္ဘာ့ရေနံဈေးနှုန်းမြင့်တက်နေခြင်းကြောင့်သာ ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ စက်တင်ဘာ ၁၄ ရက်တွင် ဖြေကြားထားသည်။
သို့သော် ကမ္ဘာ့ရေနံဈေးနှုန်းကျဆင်းလာပြီး ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ ကျဆင်းလာသော်လည်း လိုသလောက်ဝယ်ယူမရခြင်းနှင့် ကန့်သတ်ရောင်းချမှုများဖြင့် ဈေးနှုန်း ထိန်းချုပ်ရန် ကြိုးစားနေသူ ဝိသမလောဘသားများက မရိုးနိုင်အောင် ပြောင်းလဲလုပ်ဆောင်နေခြင်းပင်ဖြစ်သည်။
ပုံစာ။ စက်သုံးဆီရောင်းချသောဆိုင်အချို့တွင် တန်းစီဝယ်ယူနေရမှုမြင်ကွင်း။

