ဓာတ်ပုံ - ကျိုက်ထီးရိုးတောင်တော် ဓာတ်ပုံအသင်း
၇. ၁၀. ၂၀၂၃
Written by Hey Mar
ပြည်တွင်းမှာ ကျင်းပပြုလုပ်လေ့ရှိတဲ့ ဘုရားပွဲတော်တွေထဲမှာ ပွဲတော်ကာလ အရှည်ကြာဆုံးဖြစ်တဲ့ မွန်ပြည်နယ် ကျိုက်ထိုမြို့က ကျိုက်ထီးရိုးဘုရားပွဲတော်ကို အခုနှစ်မှာ အစည်ကားဆုံး ကျင်းပနိုင်ရေးအတွက် ဘုရားဂေါပက တာဝန်ရှိသူတွေနဲ့ ပြည်နယ်အစိုးရတို့ ပူးပေါင်းဆောင် ရွက်နေတယ်လို့ သိရပါတယ်။
ကျိုက်ထီးရိုးဘုရားပွဲတော်ကို လာမယ့် အောက်တိုဘာ ၂၉ ရက်နေ့ သီတင်းကျွတ်လပြည့်နေ့ကနေ ၂၀၂၄ ခုနှစ် မေလအတွင်းမှာ ကျရောက်တဲ့ ကဆုန်လပြည့်နေ့အထိ ပွဲတော်ကာလ ခုနစ်လတာကြာမြင့်စွာ ကျင်းပပြုလုပ်မှာဖြစ်ပြီး ရပ်နီး ရပ်ဝေး ဘုရားဖူးပြည်သူတွေ ညအိပ် ညနေ တည်းခိုဖူးမျှော်နိုင်တဲ့ ဘုရားဖူးခရီးစဥ်လည်းဖြစ်ပါတယ်။
ကျိုက်ထီးရိုးဘုရာကြီးရဲ့ ဂေါပက ဥက္ကဋ္ဌ ဦးစိုးလှက “ဖွင့်ပွဲ အစီအစဥ်ကတော့ ၂၀၂၀ – ၂၀၂၁ ခုနှစ် ပွဲတော်ရာသီကတည်းက ကိုဗစ်ကြောင့် အရင် ကျင်းပသလို မကျင်းပဖြစ်ခဲ့ဘူး။ ဒီနှစ် ကျင်းပနိုင်အောင် စီစဥ်တိုင်ပင်နေကြပေမယ့် ရာသီဥတုက မိုးက အခုထိ မပြတ်ဘူးဖြစ်နေတယ်။ခြေလျင်တောင်တက်လမ်း လမ်းပိုင်းပြုပြုင်တာတွေ၊ တောင်တက်ကားလမ်း ကြံ့ခိုင်ဖို့ ပြုပြင်စစ်ဆေးတာတွေ၊ တောင်တက်ကား ကြံ့ခိုင်ရေး၊ ကေဘယ်လ်လိုင်း ကြံ့ခိုင်ရေးတွေ စစ်ဆေးနေပါတယ်။ ဆိုင်နေရာချဖို့တွေ၊ ဘုရားဖူးပြည်သူတွေ ကျန်းမာရေးအတွက် ဆေးပေးခန်းတွေကအစ ပြည်နယ်ကျန်မာရေးတာဝန်ရှိသူတွေနဲ့ အစည်းအဝေးတွေ ပြုလုပ် ညှိနှိုင်း တိုင်ပင်နေပါတယ်” လို့ MT News ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၂ ရက်နေ့ တောင်ဖွင့်ပွဲမတိုင်မီအချိန်က ကျိုက်ထီးရိုးဘုရား ကင်မွန်းချောင် တောင်တက်မော်တော်ယာဉ်ဂိတ်မှာ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားပြီး ဘုရားဖူး ၃ ဦး သေဆုံးခဲ့သလို လူ ၂၀ နီးပါး ထိခိုက်ဒဏ်ရာရခဲ့တဲ့ ဖြစ်စဥ်လည်း ရှိခဲ့တာကြောင့် အများပြည်သူဘုရားဖူးခရီးသည်တွေ စိတ်ချလုံခြုံစွာနဲ့ လာရောက် ပူဇော်နိုင်ရေးကိုလည်း အထူးအလေးထား တိုင်ပင်ဆောင်ရွက်နေတယ်လို့ ကျိုက်ထီးရိုး ဂေါပက ဥက္ကဋ္ဌက ဆိုပါတယ်။
“မနှစ်က၂၀၂၂ ခုနှစ် အောက်တိုဘာ ၃၀ တောင်ဖွင့်ပွဲကနေ တောင်ပိတ်ချိန် ၂၀၂၃ ခုနှစ် မေလ ၃ ရက်နေ့အထိ ဘုရားဖူးပြည်သူက ၁၉၇၀၅၀ ဦးသာ လာရောက် ဖူးမျှော်ကြတယ်။ အဲ့ဒီထဲကမှ ပြည်ပဘုရားဖူးက ၃၂၀၀ ကျော် တယ်။ ထိုင်းနိုင်ငံက အများဆုံးလာကြတယ်။ လုံခြုံရေးနဲ့ ပတ်သက်လို့ လုံခြုံရေးတပ်ဖွဲ့တွေက စခန်းအသီးသီးမှာ ဘုရားဖူးပြည်သူတွေ အနှောင့်အယှက်မဖြစ်စေရတဲ့ အနေအထားနဲ့ စောင့်ရှောက်တာဝန်ယူပေးမှာဖြစ်ပြီး ရင်ပြင်တော် စခန်းကြီးမှာတော့ လုံခြုံရေး အထောက် အကူတွေ ပူးပေါင်းပြီး စနစ်တကျ ဆောင်ရွက်ပေးသွားဖို့ကိုလည်း ဆွေးနွေးဆောင်ရွက်တာတွေ ပြုလုပ်နေပါတယ်” လို့ ဦးစိုးလှက ဆက်လက် ပြောပါတယ်။
ကျိုက်ထီးရိုးဘုရားကို ၁၂ ရာသီပတ်လုံး ဖွင့်လှစ်ထားပြီး ဘုရားပွဲတော်ရာသီအချိန်အတွင်းဖြစ်တဲ့ ဒီဇင်ဘာလ ခရစ်စမတ်ပွဲတော်မတိုင်မီ လေး ငါးရက်ကနေ လွတ်လပ်ရေးနေ့ဖြစ်တဲ့ ဇန်နဝါရီ လ ၄ ရက်နေ့အထိက အစည်ကားဆုံးအချိန်ဖြစ်ပြီး ဘုရားပြည်သူ သိန်းနဲ့ချီကာ ဝင်ရောက်ကြတာပါ။

