MT News

Written by Tha Doe

ပြည်ပရောက်လုပ်သားများ၏ လုပ်အားခ လစာငွေလွှဲများကို တစ်ဒေါ်လာ ကျပ် ၃၀၀၀ ဖြင့် KBZ ဘဏ်က ငွေလွှဲများ လက်ခံထည့်ပေးမည်ဖြစ်ကြောင်း Hana Bank Myanmar က စက်တင်ဘာ ၁၅ ရက်တွင် အတည်ပြုထားသည်။

”ထပ်မံ အတည်ပြုပြီးဖြစ်ပါတယ်။ လွှဲထားသူများလည်း အတည်ပြုပြီးဖြစ်ပါတယ်။ နှစ်ကြောင်းဝင်ပါတယ်။ စာရွက်စာတမ်း ထပ်တောင်းတာမျိုး မရှိ၊ တုံကင်ယူစရာမလို၊ ငွေပမာဏ ကန့်သတ်ချက် မရှိ ထုတ်ယူနိုင်ပါတယ်။ အဆင်မပြေတာ ရှိရင် KBZနဲ့ တိုက်ရိုက်ချိတ်ဆက် ဆက်သွယ်ပေးတာမို့ တာဝန်ခံကို ဆက်သွယ် မေးမြန်းနိုင်ပါတယ်။ လစာငွေလွှဲဆိုတာ Hana EZ ထဲမှာ လက်ခံသူစာရင်းသွင်းတဲ့အခါ ငွေလွှဲရည်ရွယ်ချက်မှာ လစာကို ရွေးထားပြီး စာရင်းသွင်းထားရင် အသေးစိတ် အချက်အလက်ထဲမှာ SALARY သို့မဟုတ် ကုဒ်နံပါတ် “5200” လို့ ပေါ်နေပါမယ်။ အဲဒီလို စာရင်းသွင်းထားသူ အားလုံး KBZ သို့ ပြည်ပငွေလွှဲပြုလုပ်ပါက တစ်ဒေါ်လာ ၃၀၀၀ ကျပ်နဲ့ ထည့်ပေးသွားမှာ ဖြစ်ကြောင်း စက်တင်ဘာလ ၅ ရက်နေ့မှာ ထပ်မံ အတည်ပြုပြောကြားပါတယ်” Hana Bank မှ ဒေါ်ခင်လေးဖြူ၏ ပြောကြားမှုကို ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ပြည်ပရောက်မြန်မာနိုင်ငံသားများမှ မြန်မာနိုင်ငံသို့ လွှဲပို့နေသည့် မိသားစုလွှဲပို့ ငွေစာရင်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ၂၀၁၄ ခုနှစ်မှစတင်၍ မလေးရှား၊ ထိုင်း၊ စင်ကာပူနှင့် အခြားနိုင်ငံဟူ၍ ခွဲခြားပေးပို့ခဲ့ရာ ၇/၂၀၂၂ ခုနှစ် ဇူလိုင်လအထိ မိသားစုလွှဲပို့ငွေရရှိမှုမှာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ စာရင်းအရ အမေရိကန် ဒေါ်လာ ၆၁၅၂ ဒသမ ၀၄၄ သန်း ရှိကြောင်း အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ပြောကြားသည်။

ထို့ပြင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လကုန်ထိ မလေးရှားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ စင်္ကာပူနိုင်ငံနှင့် ပြည်ပရောက် မြန်မာနိုင်ငံသားများမှ ပြန်လည်ပေးပို့သော မိသားစုလွှဲပို့ငွေမှာ အမေရိကန်ဒေါ်လာ ၂၆၄ သန်းကျော် ရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သတင်းရရှိထားသည်။ လတ်တလောတွင်လည်း နိုင်ငံခြားငွေနှင့် လစာ ရရှိသည့် သင်္ဘောသားများ၏ လစာကို တတ်နိုင်သရွေ့အမြင့်ဆုံးနှုန်းဖြင့် ဝယ်ယူပေးရန် ဗဟိုဘဏ်ကညွှန်ကြားထားကြောင်း ဧရာဝတီဘဏ်က သတင်းထုတ်ပြန်ထားသည်။

Hana Bank သည် တောင်ကိုရီးယားနိုင်ငံအခြေစိုက်ဘဏ်တစ်ခုဖြစ်ပြီး မြန်မာလုပ်သားများ အများဆုံးသွားရောက်လုပ်ကိုင်နေသည့် စင်္ကါပူ၊ ထိုင်း၊ မလေးရှား၊ ဂျပန်၊ ဘရူနိုင်း၊ တရုတ်၊ အမေရိကန် စသည့်နိုင်ငံများတွင်လည်း ဘဏ်ခွဲများ ဖွင့်လှစ်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News