MT News

Written by Tha Doe

ဖားကန့် အောင်ဘာလေမှော်တွင် ကျောက်စိမ်းကြောတွေ့သည်ဆိုသည့်ကိစ္စ အတည်ပြုနိုင်ခြင်းမရှိကြောင်းနှင့် ကျောက်စိမ်းလုပ်ကွက်သစ်များထပ်ချမပေးထားသဖြင့် လမ်းမပေါ်အထိတက်ကာ တူးဖော်မှုမှာ တရားမဝင်ဖြစ်၍ ဖမ်းမိပါက အရေးယူမည်ဟု ကချင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းက MT News သတင်းဌာန၏ မေးမြန်းမှုအပေါ်  ပြန်လည်ဖြေကြားသည်။

ဖားကန့်မြို့နယ် လုံးခင်းအုပ်စု ကံဆီးကျေးရွာ အထက် အောင်ဘာလေ (တန်းဂေါ်ရွာ) တွင် ကျောက်စိမ်း‌‌ကြောကြီးတွေ့ရှိသဖြင့် လမ်းမကြီးပေါ်အထိကျောက်စိမ်းတူးဖော်နေသည်ဟု စက်တင်ဘာ ၁၄ ရက်တွင် ဒေသခံတစ်ဦး၏ ပြောကြားချက်ကို ကိုးကားကာ သတင်းများထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး အဆိုပါ အောင်ဘာလေမှော်မှာ အဖိုးတန်ကျောက်စိမ်းများ ထွက်ရှိသဖြင့် ဖားကန့်မြို့နယ်အတွင်းရှိ သူဌေးကြီးများ အာရုံစိုက်ရာဒေသဖြစ်ကြောင်း၊ ရေမဆေးသမားများလည်း လာရောက်ရှာဖွေမှုများလာကြောင်း၊ ယခင်ကတည်းက နာမည်ကြီးဒေသဖြစ်သော်လည်း ၂၀၁၃ ခုနှစ်မှစတင်ကာ တိုက်ပွဲများကြောင့် ငြိမ်သက်သွားရာမှ ယခုစက်တင်ဘာမှစတင်ကာ စျေးရောင်းသူများ ကျောက်တူးသူများနှင့် ရေမဆေးသမားများ ပိုမိုများပြားအသက်ဝင်လာကြောင်း သတင်းအပေါ် ကချင်ပြည်နယ်အစိုးရဝန်ကြီးက အဆိုပါသတင်းမှာ အတည်မပြုနိုင်သောသတင်းသာဖြစ်ကြောင်းနှင့် ကျောက်စိမ်းလုပ်ကွက်သစ်တူးဖော်ခွင့် ထပ်ချပေးမထားသဖြင့် လမ်းပေါ်အထိ တက်တူးနေသည်မှန်ပါက တရားမဝင်တူးဖော်မှုဖြစ်၍ အရေးယူမည်ဖြစ်ကြောင်း ပြောကြားသည်။

”အောင်ဘာလေမှော်မှာ ကျောက်စိမ်းကြောတွေ့တယ်ဆိုတဲ့ကိစ္စ။ သယံဇာတဝန်ကြီးတော့ မေးထားတယ်။ ဒါပေမဲ့ အဲဒီလိုတွေ့တယ်ဆိုတဲ့သတင်းက ကျွန်တော်တို့ဆီမရောက်သေးဘူး။ တကယ်လို့ သတင်းရောက်လို့ရှိရင်လည်း လမ်းပေါ်အထိ တူးရတဲ့ကျောက်ကြောကြီးဆိုတာက မဖြစ်နိုင်သေးဘူးလို့ဘဲ ယူဆတယ်။ လူတွေကို နည်းနည်းလေး ဖွတဲ့သတင်းမျိုးလည်းဖြစ်နိုင်တာပေါ့။ အဲဒီတော့ ဒီသတင်းသည် ကျောက်စိမ်းကြောတွေ့တယ်ဆိုတဲ့သတင်းက Confirm မဖြစ်ပါဘူး။ ဒီဒေသမှာ ဒီလိုသတင်းမျိုးတွေ မကြာခဏဖြစ်တတ်ပါတယ်။ နောက်တစ်ခုက ကိုယ်တို့ ပြည်နယ်အစိုးရအဖွဲ့က အရင် ၂၀၁၉ ကတည်းက ကျောက်စိမ်းလုပ်ကွက်သစ်တွေ ဆက်မပေးတော့ဘူး။ အခုလည်း မပေးတော့ဘူး။ တဖြည်းဖြည်းသက်တမ်းပြည့်တာတွေ ပိတ်ပိတ်ပြီးတော့ နောက်ဆုံး ဒီ ၂၀၂၃ လောက်ကျရင် အကုန်လုံးပြတ်သွားလိမ့်မယ်။ အသစ်လုံးဝ ချမပေးပါဘူး။ တကယ်လို့ အခုတူးနေတာတွေသည် အဲဒီဒေသမှာ တရားမဝင်တူးနေတာတွေဘဲ ဖြစ်လိမ့်မယ်။ တရားမဝင်ခိုးတူးနေတာဖြစ်လို့ တကယ်မိရင်တော့ ကျွန်တော်တို့က ဥပဒေအရ အရေးယူမယ်။ ဒါပေမဲ့ တစ်ခုပေါ့။ ဒေသရဲ့ လုံခြုံရေးအခြေအနေအရ အများကြီးထိန်းလုပ်နေရတဲ့ အပိုင်းတော့ ရှိပါတယ်။ ကျွန်တော်တို့ ကချင်ပြည်နယ်အစိုးရအဖွဲ့က နိုင်ငံတော်ရဲ့ မူအတိုင်းပဲလုပ်ပါတယ်။ အသစ်ထပ်ချပေးတာ မလုပ်ပါဘူး။ ဗိုလ်ချုပ်မှူးကြီးကလည်း သယံဇာတထုတ်ရောင်းတာကို သိပ်ဦးစားမပေးဘူး။ ကျွန်တော်တို့လည်း အဲဒီလိုလမ်းကိုပဲ လျှောက်ပါတယ် ” ဟု ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးဝင်းရဲထွန်းက MT News သတင်းဌာနသို့ ဖြေကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News