၃.၁၀. ၂၀၂၃
Written by Nay Moe

တောင်ငူ၊ ရေးနှင့် ဒေးဒရဲမြို့နယ်များတွင် KNU နှင့် PDF များ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသားလေးဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိမှုဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရှိရသည်။

ဖြစ်စဥ်များမှာ စက်တင်ဘာ ၃၀ ရက် နံနက် ၁၀ နာရီ ၃၅ မိနစ်အချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ နံ့သာကုန်းကျေးရွာအနီး တောင်ငူ-လိပ်သိုသွား ကားလမ်းပေါ်၌ အမျိုးသား ၂ ဦးသေဆုံးကာ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာများရရှိထားပြီး သုံးဘီးဆိုင်ကယ်တစ်စီးနှင့် ဆိုင်ကယ် ၂ စီးတို့ မီးရှို့ဖျက်ဆီးခံထားရကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ တောင်ငူမြို့နယ်၊ ကွမ်းပင်ကျေးရွာနေသူများဖြစ်သည့် ကိုရဲလွင်ဦး(၂၉)နှစ်နှင့် ကိုဘိုဝင်း(ခ)ဘိုဘိုဝင်း(၃၀)နှစ်တို့အား ထိုးသွင်း၊ ပြတ်ရှ၊ ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေပြီး တောင်ငူမြို့နယ်၊ တပြေးကျေးရွာနေ မောင်ခွန်ရွှေကြိုင်(၂၀)နှစ်အား ဝဲပေါင်၌ ထိုးသွင်းဒဏ်ရာတစ်ချက်၊ ဝဲပေါင်အရိုးကျိုးဒဏ်ရာတို့ရရှိထားပြီး ၎င်းတို့စီးနင်းလာသည့် သုံးဘီးဆိုင်ကယ်တစ်စီးနှင့် ဆိုင်ကယ် ၂ စီးတို့ မီးလောင်ပျက်စီးနေသည်ကို တွေ့ရှိခဲ့ရသည်။ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ၎င်းတို့သည် စက်တင်ဘာ ၂၉ ရက်နေ့ညပိုင်းတွင် ကွမ်းပင်ကျေးရွာနေသူဖြစ်သည့် ကိုနိုင်ဝင်း(ခ) ကုလား၊ ကိုလုကာ (ခ)ကုလားတို့နှင့်အတူ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ပျားစခန်းကျေးရွာမှ ၎င်းတို့၏ကျေးရွာများသို့ တောင်ငူ-လိပ်သိုသွား ကားလမ်းအတိုင်း ပြန်လာစဉ် ည ၁၁ နာရီ ၅၀ မိနစ်အချိန်ခန့် အခင်းဖြစ်နေရာအရောက်၌ KNU နှင့် PDF ပူးပေါင်းအဖွဲ့အင်အား ၁၅ ဦးခန့်မှ ၎င်းတို့အား သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် ဆိုင်ကယ်လဲကျ ရပ်တန့်စဉ် အကြမ်းဖက်သမားများက ဓားများဖြင့် ထိုးခုတ်ရိုက်နှက်ခဲ့သဖြင့် သေဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်းနှင့် ကိုနိုင်ဝင်း(ခ) ကုလား၊ ကိုလုကာ (ခ)ကုလားတို့မှာ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း သိရှိခဲ့ရသဖြင့် ထိခိုက်ဒဏ်ရာ ရရှိထားသည့် မောင်ခွန်ရွှေကြိုင်အား ဆေးကုသမှု ခံယူနိုင်ရေး တောင်ငူခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အလားတူ စက်တင်ဘာ ၃၀ ရက် နေ့လယ် ၁၂ နာရီ ၁၀ မိနစ်အချိန်တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ စိန်ကြီးကျေးရွာနေ ဦးစိုးအောင်(၅၄)နှစ်သည် တစ်ရွာတည်းနေ ဒေါ်တင်ဝင်း (၇၇)နှစ်၊ ၎င်း၏ဦးလေးဖြစ်သူ အိုင်ရှည်ကျေးရွာနေ ဦးဘအေး(၈၀)နှစ်တို့နှင့်အတူ MON-5 2L/83– Bongo မော်တော်ယာဉ်ဖြင့် ကျောင်းရွာဘက်မှ သင်္ဃန်းကျွန်းကျေးရွာဘက်သို့ မောင်းနှင်လာစဉ် ကျောက်မိချောင်း (တောင်) ကျေးရွာအနီးအရောက်၌ PDF ၅ ဦး(စိစစ်ဆဲ)က လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့သဖြင့် ဦးစိုးအောင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ် နေရာ၌ သေဆုံးခဲ့ပြီး ဦးဘအေးတွင် လည်ပင်း၊ ဝဲလက်မောင်း၊ ကျောနှင့် ယာဒူးတို့၌ ကျည်ထိမှန် ဒဏ်ရာများ ရရှိခဲ့သဖြင့် ရေးခရိုင်ပြည်သူ့ဆေးရုံကြီး၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။ ထိုဖြစ်စဥ်တွင် ပစ်ခတ်သည့်အဖွဲ့မှာ ရေးဘီလူးအဖွဲ့ဖြစ်ပြီး ထိုပစ်ခတ်မှုအပေါိ ခမရ ၅၉၁ မှ ဒုတပ်ရင်းမှူးအဖွဲ့ဆိုကာ ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

အလားတူ စက်တင်ဘာ ၃၀ ရက် ည ၉ နာရီ ၁၀ မိနစ်အချိန်တွင် ဧရာဝတီတိုင်း ဒေသကြီး၊ ဒေးဒရဲမြို့၊ အမှတ်(၂) ရပ်ကွက်နေ ဦးကျော်စိုး(၅၆)နှစ်သည် အမှတ်(၁)ရပ်ကွက်ရှိ “Brother” လက်ဖက်ရည်ဆိုင်မှ နေအိမ်သို့ လမ်းမတော်လမ်းအတိုင်း တစ်ဦးတည်း ဆိုင်ကယ်ဖြင့် ပြန်လာစဉ် အမှတ်(၁)ရပ်ကွက် လမ်းမတော်လမ်းနှင့် စကားဝါလမ်းထောင့်၌ ဆိုင်ကယ်တစ်စီးဖြင့် ရပ်နေသည့်အကြမ်းဖက်သူ အမျိုးသားတစ်ဦး (စိစစ်ဆဲ)က ဦးကျော်စိုးအား သေနတ်ဖြင့်ပစ်ခတ်ကာ ထွက်ပြေးသွားခဲ့သဖြင့် ၎င်းတွင် ဝမ်းဗိုက်ကျည်ဖောက်ဝင်ဒဏ်ရာ ၅ ချက်၊ ယာတံတောင်နှင့် ပေါင်တို့၌ ကျည်ဖောက်ဝင်ဒဏ်ရာ ၂ ချက်တို့ရရှိခဲ့သဖြင့် ဒေးဒရဲမြို့နယ်ပြည်သူ့ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူနေစဉ် အခင်းဖြစ်စဉ်က ရရှိခဲ့သည့် ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *