၂. ၁၀. ၂၀၂၃
Written by Phyo Wei

ဆက်သွယ်ရေးနဲ့ အွန်လိုင်းက လိမ်လည်မှုကျူးလွန်နေသူတွေ ဖြိုခွင်းဖို့ အောက်တိုဘာ ၁ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ တရုတ်-မြန်မာနယ်စပ်ဒေသ Tengchong မြို့မှာ ယာယီ နယ်စပ်ကန့်သတ် ထိန်းချုပ်ရေးဇုန်တစ်ခုတည်ထောင်သွားမယ်ဆိုတဲ့ ဒီရက်သတ္တပတ်မှာပဲ ၂၀၂၃ ခုနှစ်အတွင်း အွန်လိုင်းလိမ်လည်မှု ၁၁၉ မှုက တရားခံ ၇၆ ဦးနဲ့ အွန်လိုင်း လောင်းကစားမှု ၅၈ မှုက တရားခံ ၁၃၄ ဦးတို့ကို ဖော်ထုတ်အရေးယူနိုင်ခဲ့တယ်လို့ SAC ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ထုတ်ဖော်ပြောကြားလာပါတယ်။

တစ်ဖက်မှာလည်း ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်ရာမှာ NCA အပေါ်ပဲ ခိုင်ခိုင်မာမာ ရပ်တည်ဆောင်ရွက်ရမယ်လို့ ယုံကြည်ကြောင်း ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုးက SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန်ပြောခဲ့တဲ့ ဒီရက်သတ္တပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ ရောင်နီပြောက်ကျား PDF အဖွဲ့ရဲ့ စစ်ရာဇဝတ်မှုတွေအကြောင်း၊ ကမ္ဘာ့ရာဇဝတ်မှုအဖြစ်အများဆုံးနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက အဆင့် (၁) ရတဲ့အကြောင်းနဲ့ အကြမ်းဖက်မှုအဆုံးသတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်အမြန်ပြောင်းဖို့ တိုက်တွန်းလိုက်တဲ့ Quad အဖွဲ့အကြောင်းတွေကို တင်ပြချင်ပါတယ်။

◾ ရောင်နီပြောက်ကျား PDF အဖွဲ့ ကျုးလွန်တဲ့ စစ်ရာဇဝတ်မှု

နိုင်ငံ့ဝန်ထမ်းနဲ့ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထားတဲ့သူ ခုနစ်ဦးကို ကျဆုံးသွားတဲ့ PDF တွေအတွက် သွေးကြွေးဆပ်တယ်လို့ပြောပြီး ရောင်နီပြောက်ကျား PDF အဖွဲ့က လည်လှီးသတ်ဖြတ်နေတဲ့ ရုပ်သံဖိုင်ထွက်ပေါ်လာပါတာကြောင့် စိတ်နှလုံးညှိုးချုံးစရာဖြစ်လာရပါတယ်။

တစ်ဖက်ကို အကြမ်းဖက်အဖွဲ့အစည်းလို့ပြောနေတဲ့သူတွေဟာ သူတို့ကိုယ်တိုင်က သာမန်ပြည်သူတွေကို လည်လှီးသတ်ဖြတ်နေတဲ့ ရုပ်သံဖိုင်တွေ ငါးခုထက်မနည်းသက်သေအဖြစ်ထွက်ခဲ့ပြီဖြစ်သလို ဒီရုပ်သံဖိုင်မှာဆိုရင် ရောင်နီပြောက်ကျား PDF အဖွဲ့ဟာ တူးထားတဲ့ကျင်းထိပ်မှာ လူခုနစ်ဦးကို လက်ပြန်ကြိုးတုပ်ပြီး စစ်မေးနေတာမြင်ရပါတယ်။ စစ်မေးခံနေရသူတွေမှာ လခရ၊ ထွေအုပ် အပါအဝင် ၆ ဦးနဲ့ မန်ကျည်းတုံရွာက (ဒလန်)ဦးပြူးမောင်ရဲ့တပည့်ဆိုသူ ပါဝင်ပါတယ်။ ဒူးထောက်လက်ပြန်ကြိုးတုပ်ထားသူတွေကို ထွေအုပ်ကဆိုတာ၊ လခရဆိုတာ၊ ဦးပြူးမောင်ရဲ့ တပည့်ဆိုတာ အတည်ပြုပြီးနောက်မှာ လည်လှီးသတ်ဖြတ်ပြီး တူးထားတဲ့ကျင်းထဲ ကန်ချလိုက်ပါတယ်။

စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးထားတဲ့သူ ၇ ဦးကိုသတ်ဖြတ်လိုက်တဲ့ ရောင်နီပြောက်ကျား PDF အဖွဲ့ဟာ NUG လက်အောက်ခံအဖွဲ့ဖြစ်ပြီး စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်က ကံသစ်ရွာသားတွေနဲ့ ဖွဲ့စည်းထားသလို စစ်ကိုင်းတိုင်း ရွှေဘို၊ ခင်ဦး၊ ဝက်လက်နယ်တဝိုက်မှာ လှုပ်ရှားပါတယ်။ အဲဒီ ကံသစ်ရွာဟာ ၂၀၂၁ နွေဦးတော်လှန်ရေးအစကတည်းက NUG ​ဩဇာခံပြီး လက်နက်ကိုင်ခဲ့သလို ရွာထဲမှာရှိတဲ့ ပြည်ခိုင်ဖြိုးထောက်ခံသူတွေရဲ့ နေအိမ်တွေ၊ လယ်တွေကို သိမ်းယူ၊ မီးရှို့ဖျက်ဆီးကြပြီး သာမန်ကံသစ်ရွာသူ၊ ရွာသား ၁၅ ဦးထက်မနည်းကို သတ်ဖြတ်လိုက်ချိန်မှာ ရွာထဲက ပြည်ခိုင်ဖြိုးပါတီထောက်ခံသူတွေက ခြေလွတ်လက်လွတ်ထွက်ပြေးရပါတယ်။ အခုအချိန်အထိလည်း ကံသစ်ရွာသားတွေတစ်ဖြစ်လဲ ရောင်နီပြောက်ကျား PDF အဖွဲ့ဟာ သူတို့ကြောက်လို့ထွက်ပြေးတဲ့ ပြည်ခိုင်ဖြိုးထောက်ခံသူတွေဆီကို သူတို့သတ်ထားတဲ့ပုံတွေပို့ပြီး သေရဲရင် ပြန်လာဖို့အထိ စိန်ခေါ်နေဆဲပါ။ တစ်ဖက်မှာလည်း စစ်သုံ့ပန်းအဖြစ်ဖမ်းထားတဲ့သူတွေကို လက်လွတ်စပါယ် ရက်ရက်စက်စက်သတ်ဖြတ်နေမှုဟာ စစ်ရာဇဝတ်မှုဖြစ်ပြီး ဒီလိုသတ်ဖြတ်မှုတွေအတွက်တော့ NUG က တာဝန်ခံရပါလိမ့်မယ်။

◾ ကမ္ဘာ့နိုင်ငံတွေထဲ ရာဇဝတ်မှုဖြစ်ပွားမှုအများဆုံး အဆင့် (၁) နေရာက မြန်မာ

မြန်မာနိုင်ငံဟာ ၂၀၂၃ ခုနှစ်အတွက် ကမ္ဘာ့ရာဇဝတ်မှုအများဆုံးဖြစ်ပွားနေတဲ့အညွှန်းကိန်းအဆင့် (Global Organized Crime Index) သတ်မှတ်ချက်မှာ ကမ္ဘာ့နိုင်ငံ ၁၉၃ နိုင်ငံမှာ ရမှတ် ၈ ဒသမ ၁၅ မှတ်နဲ့ အဆင့် (၁) ရခဲ့ပါတယ်။

အခြားသောသူတွေအမြင်မှာ ရာဇဝတ်မှုအထူဆုံးနိုင်ငံဖြစ်လာတာကို လူမိုက်တွေ မနှိမ်နင်းတာ၊ အကျဥ်းသားတွေလွှတ်ပေးတာတွေ ပြောကြမှာဖြစ်ပေမဲ့ အများမမြင်နိုင်တဲ့ ရှုထောင့်တစ်ခုမှာတော့ လက်နက်ကိုင်တော်လှန်ရေးလုပ်တဲ့ NUG နဲ့ PDF တွေရဲ့ ဆိုးကျိုးသက်ရောက်မှုတွေလည်း အများအပြားပါတယ်ဆိုတာ ပြောပြချင်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၀ ရက်က မုံရွာမှာ မွေးဖွားလုနီး ကိုယ်ဝန်ဆောင်သည် မအေးငြိမ်းသူကို Monywa Force PDF အဖွဲ့က ဓားပြတိုက်ရင်း သတ်ဖြတ်လိုက်မှုဖြစ်ခဲ့တာ အားလုံးမှတ်မိမှာပါ။ ဒီလိုပါပဲ NUG ဩဇာခံဖြစ်တဲ့ မြင်းခြံခရိုင် တပ်ရင်း (၅) PDF တွေဖြစ်တဲ့ MG6 ပြောက်ကျားတပ်ရဲ့ လူသတ်လုယက်မှု ၁၀၀ ကျော်ကျုးလွန်ထားတာ၊ ချောင်းဦးပကဖလေးဦးက အမျိုးသမီးနဲ့ ကလေးငယ် ၇ ဦးကို မုဒိမ်းလူသတ်မှုကျုးလွန်ခဲ့တာကို ဖမ်းပြီးမှ ပြန်လွှတ်ပေးတာ၊ ဆော PDF ၈ ယောက်က အသက် ၂၂ နှစ်အရွယ် အမျိုးသမီးငယ်ကို အကြိမ်ကြိမ်အုပ်စုဖွဲ မုဒိမ်းကျင့်တာ၊ ကာမနှောင့်ယှက်မှုတွေနဲ့ လူသတ်မှု ၂၀ ကျော် ကျုးလွန်ထားတဲ့ ယော PDF ဧကရာဇ်မုန်တိုင်းအဖွဲ့၊ ရန်ကုန်တက္ကသိုလ်က CDM တွဲဘက်ပါမောက္ခရဲ့ ငါးနှစ်အရွယ် သမီးငယ်ကို သက်ငယ်မုဒိမ်းပြုကျင့်တဲ့ NLD ပါတီအတွင်းရေးမှူး အောင်မင်းကို NUG က ထိုင်းနိုင်ငံအထိ သွားရောက် ဖမ်းဆီးပြီးမှ ပြန်လွှတ်ပေးလိုက်တာ စတာတွေအပြင် NUG ဝန်ကြီးတွေရဲ့ လိင်ကိစ္စအရှုပ်တော်ပုံတွေ ဒါတွေကလည်း အထင်ကရဖြစ်ခဲ့တာဖြစ်ပြီး နိုင်ငံနဲ့ ပြည်သူကိုကာကွယ်ဖို့လက်နက်ကိုင်ပါတယ်ဆိုတဲ့သူတွေတောင် ခိုးဆိုးလုယက်နေတဲ့နိုင်ငံမျိုးမှာ တောမီးလောင် တောကြောင်လက်ခမောင်းခတ်တာ အဆန်းမဟုတ်ဘူးလို့ ပြောရပါမယ်။

တစ်ဖက်မှာလည်း PDF ဆိုပြီး လက်နက်ကိုင်သွားတဲ့ လူငယ်တစ်သိန်းလောက်ဟာ အလုပ်မလုပ်ဘဲ လက်နက်ကိုင်ကြ၊ စစ်ရေးပြင်ဆင်ကြ၊ စစ်တိုက်ကြဆိုတဲ့နေရာမှာ သူတို့ကိုထောက်ပံ့တဲ့ အလှူငွေကလည်း ဆင့်ပါးစပ်နှမ်းပက်ပါ။ ဒီလိုအခြေအနေမျိုးမှာ စစ်မတိုက်နိုင်ရင်လည်း အသက်ပေးရတော့မှာမို့လို့ တစ်ဖက်ကလက်နက်အားကိုးနဲ့ MG6 PDF လိုမျိုး လုယက်ဓားပြတိုက်တာ၊ စိတ်မထင်တဲ့သူတွေ ဒလန်တံဆိပ်ကပ်ပြီး ပိုင်ဆိုင်မှုကိုကျတော့ တော်လှန်ရေးသုံးဖို့သိမ်းတယ်ဆိုပြီး လုယက်မှုတွေ မျက်နှာပြောင်တိုက်ကျုးလွန်တာ၊ ဆက်ကြေးကောက်တာမျိုးတွေ လုပ်လာရပါတယ်။ အပေါ်မှာပြောပြီးသားပဲထပ်ပြောပါမယ်။ နိုင်ငံနဲ့ပြည်သူကာကွယ်ဖို့ လက်နက်ကိုင်ရပါတယ်ဆိုတဲ့သူတွေက လုယက်သတ်ဖြတ်ဓားပြတိုက်နေတဲ့နိုင်ငံတစ်ခုဟာ ကမ္ဘာ့ရာဇဝတ်မှုအများဆုံးနိုင်ငံထဲမှာ အဆင့်( ၁) ဖြစ်တာ မဆန်းပါဘူးဆိုတာပါပဲ။

◾ အကြမ်းဖက်မှုအဆုံးသတ် ဖက်ဒရယ်ဒီမိုကရေစီစနစ်အမြန်ပြောင်းဖို့ တိုက်တွန်းလိုက်တဲ့ Quad

အမေရိကန်ပြည်ထောင်စု၊ ဩစတြေးလျ၊ အိန္ဒိယနဲ့ ဂျပန်နိုင်ငံတို့ ပါဝင်ဖွဲ့စည်းထားတဲ့ Quad အဖွဲ့ နိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေက တရားဝင်ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့တာမှာ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး အထူးစိုးရိမ်မိကြောင်း ဖော်ပြခဲ့တာပါ။ မြန်မာနိုင်ငံအတွင်း နိုင်ငံရေး၊ လူသားချင်းစာနာမှုအရေးနဲ့ စီးပွားရေးကဏ္ဍတွေမှာ လက်ရှိဖြစ်ပွားနေတဲ့ အပေါ် များစွာစိုးရိမ်ပူပန်မိတယ်လို့ ပြောပါတယ်။ ဒါ့အပြင် အကြမ်းဖက်မှုတွေ အမြန်အဆုံးသတ်ရေး၊ မျှတမှုမရှိစွာ ဖမ်းဆီးခံထားရသူတွေ အားလုံးကို အမြန်လွှတ်ပေးရေး၊ လူသားချင်းစာနာမှုအထောက်အပံ့တွေကို နှောင့်နှေးအောင်တားဆီးမှုမပြုရေး၊ အကျပ်အတည်းအခြေအနေကို အပြုသဘော ညှိနှိုင်းဆွေးနွေးတာနဲ့ပဲ အဖြေရှာရေးနဲ့ မြန်မာနိုင်ငံမှာ ဖက်ဒရယ်ဒီမိုကရေစီစနစ်ဆီ ပြန်လည်အသွင်ကူးပြောင်းတည်ဆောက်ရေးတို့ကိုလည်း တောင်းဆိုကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိအချိန်မှာ ပြည်သူ့အတွက် လက်နက်ကိုင်ပါတယ်ဆိုတဲ့တော်လှန်သူတွေကတောင် လူသတ်၊ ဓားပြတိုက်၊ မုဒိမ်းကျင့်၊ ဝါးတားဂိတ်တွေဖွင့်ပြီး ဆက်ကြေးတောင်း၊ လူတွေဖမ်းဆီးပြီး ပြန်ပေးငွေတောင်းလုပ်လာချိန်မှာ တော်လှန်ရေးအယောင်ပြရပ်တည်မှုတွေ ဘယ်လိုနှလုံးသားမျိုးနဲ့ ဆက်ထောက်ခံနေသလဲ မေးရမှာပါ။

လက်နက်ကိုင်လမ်းစဥ်ကို ဆက်ထောက်ခံနေသရွေ့ PDF သတ်ထားတဲ့ ပြည်သူသုံးသောင်းကျော်၊ SAC ကြောင့်သေတယ်လို့ စွပ်စွဲထားတဲ့ လူလေးထောင်လောက်ထက် မကတဲ့ ပြည်သူ့အသက်ပေးရမှုတွေဆက်ဖြစ်နေဦးမှာဖြစ်သလို ဒီလိုအခြေအနေဆက်သွားနေသရွေ့တော့ နိုင်ငံနဲ့ပြည်သူ့ဘဝ ထွက်ပေါက်မဲ့ပြီး သတ်ဖြတ်မှုတွေကြားမှာ အနှစ် ၂၀ လောက်နေသွားရနိုင်ပါတယ်။

ဒီလိုမျိုးအခြေအနေတွေကလွတ်ဖို့လမ်းစအဖြစ်လည်း SAC ကိုယ်တိုင်က သန်းခေါင်စာရင်းတွေ စကောက်နေပြီး ဒီစာရင်းတွေကနေ ရွေးကောက်ပွဲအတွက်ပြင်ဆင်မယ်လို့ ဖွင့်ဟထားပြီးသားပါ။ ၂၀၂၄ မှာ သန်းခေါင်စာရင်းကောက်၊ ၂၀၂၅ မှာ ရွေးကောက်ပွဲဖြစ်လာရင် ၂၀၂၆ ထဲမှာ အရပ်သားအစိုးရတစ်ရပ် ပြန်မြင်ရမှာပါ။ အဲဒီအချိန်မှာ အရပ်သားအစိုးရပေါ်ထွက်လာမှုနဲ့အတူ လွှတ်တော်လမ်းကြောင်းကတစ်ဆင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့ကိုပဲ သွားရမှာပါ။ ဒီတစ်ခါလွှတ်တော်မှာတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ လိုသလိုဆွဲသုံးလို့ရတဲ့အခြေအနေမျိုးပုဒ်မတွေ အဓိကပြင်ရမယ်ဆိုတာလည်း သဘောပေါက်လာရချိန်မှာ ခြေဥမရှိ၊ တိုင်းရင်းသားလက်နက်ကိုင်မသိမ်းသွင်းနိုင်၊ ကိုယ်တိုင်လည်း လူသတ်၊ မုဒိမ်းကျင့်၊ လုယက်၊ ဆက်ကြေးကောက်၊ ပြန်ပေးဆွဲရင်း တော်လှန်ပါတယ်ပြောနေတာတွေကို ဘာကြောင့်များ ဆက်ယုံစားနေမလဲ မေးခွန်းထုတ်ရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက် ရပ်နားပါရစေ။

Leave a Reply

Your email address will not be published. Required fields are marked *