၁. ၁၀. ၂၀၂၃
Written by Nay Aung

အွန်လိုင်းနဲ့ဆက်သွယ်ရေးလုပ်ငန်းကို အသုံးပြုပြီး ရာဇဝတ်မှုကျူးလွန်နေတဲ့ ဂိုဏ်းတွေနဲ့ပတ်သက်လို့ တရုတ်နိုင်ငံသားခရီးသွားတွေကြား စိုးရိမ်မှုမြင့်တက်လာခြင်းဟာ မြန်မာနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့အပေါ်သက်ရောက်မှုရှိလာခဲ့ပါတယ်။ မြန်မာနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံကို လာရောက်လည်ပတ်ဖို့ တရုတ်ခရီးသွားတွေ ရှောင်ရှားခြင်းဟာ အရှေ့တောင်အာရှဒေသမှာ ဆိုက်ဘာရာဇဝတ်မှုကျူးလွန်တာတွေနဲ့ အွန်လိုင်းကတစ်ဆင့်လိမ်လည်မှု ကျူးလွန်နေတဲ့အကြောင်းကိုရိုက်ကူးပုံဖော်ထားတဲ့ “No More Bets”အမည်ရှိ တရုတ်မှုခင်း ရုပ်ရှင်ကားရဲ့အောင်မြင်မှုတစ်ခုလည်း ဖြစ်စေခဲ့ပါတယ်။

အဲဒီရုပ်ရှင်ကားကို သြဂုတ်လ အစောပိုင်းတည်းက ပြသခဲ့ရာ တရုတ်ပြည်မကြီးရဲ့ဝင်ငွေအကောင်းဆုံးရုပ်ရှင်ကားအဖြစ် ထိပ်ဆုံးနေရာမှာရှိနေခဲ့ပြီး အွန်လိုင်းကတစ်ဆင့် လိမ်လည်မှုကျူးလွန်နေတဲ့ဂိုဏ်းတွေအကြောင်းကို အနုစိတ်ဖော်ပြထားတဲ့ ရုပ်ရှင်ကားလည်းဖြစ်ပါတယ်။ အဲဒီရုပ်ရှင်ကားရဲ့ဇာတ်လမ်းထဲမှာ အွန်လိုင်းကတစ်ဆင့် ပြည်ပနိုင်ငံတွေမှာ ဝင်ငွေကောင်းတဲ့ အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေ လုပ်ကိုင်ရမယ်လို့ မက်လုံးပေးခေါ်ယူခံရတဲ့ တရုတ်စုံတွဲ အကြောင်းကို ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။

“No More Bets” အမည်ရှိ ရုပ်ရှင်ဇာတ်လမ်းထဲမှာ တရုတ်စုံတွဲဟာ အွန်လိုင်းကတစ်ဆင့် အလုပ်အကိုင်အခွင့်အလမ်းကောင်းရမယ်လို့ မက်လုံးပေးခေါ်ယူခံရပြီးနောက် အွန်လိုင်းကတစ်ဆင့် လိမ်လည်မှုကျူးလွန်နေတဲ့ ဂိုဏ်းတွေရဲ့သားကောင်ဖြစ်ခဲ့ရတဲ့အကြောင်းကို ရိုက်ကူးထုတ်လုပ်ထားတာဖြစ်ပါတယ်။ အဆိုပါ ရုပ်ရှင်ဇာတ်ကားထုတ်လုပ် ရိုက်ကူးသူတွေဟာ အွန်လိုင်းကတစ်ဆင့် လိမ်လည်မှုမခံရစေဖို့ ၊ အွန်လိုင်းကတစ်ဆင့် လိမ်လည်ခံရမှုတွေကို သတိပြုမိစေဖို့ ရည်ရွယ်ဖန်တီးခဲ့တာမျိုးဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်များအတွင်း မြန်မာနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ဟာ အွန်လိုင်းကတစ်ဆင့် လိမ်လည်မှုကျူးလွန်နေတဲ့ ရာဇဝတ်ဂိုဏ်းတွေ၊ လူကုန်ကူးဂိုဏ်းတွေနဲ့ ရှုပ်ထွေးဆက်သွယ်မှု မြင့်တက်လာခဲ့ပါတယ်။ သြဂုတ် ၂၉ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂ လူအခွင့်ရေးဆိုင်ရာမဟာမင်းကြီးရုံးက မြန်မာနိုင်ငံရှိ အွန်လိုင်းကတစ်ဆင့်ရာဇဝတ်မှုကျူးလွန်နေတဲ့ ဂိုဏ်းတွေလက်ထဲမှာ လူပေါင်း ၁၂၀၀၀၀၊ ကမ္ဘောဒီးယားနိုင်ငံအခြေစိုက် အွန်လိုင်းကတစ်ဆင့် လိမ်လည်မှုကျူးလွန်နေတဲ့ ဂိုဏ်းတွေလက်ထဲမှာ လူပေါင်း ၁၀၀၀၀၀ ပိတ်မိနေကာ အွန်လိုင်း ကတစ်ဆင့် လိမ်လည်မှုလုပ်ငန်းတွေ လုပ်ကိုင်ဖို့ သား ကောင်ဖြစ်နေရတယ်လို့ ဖော်ပြထားပါတယ်။

လာအို၊ ထိုင်းနဲ့ ဖိလစ်ပိုင်နိုင်ငံတို့လိုမျိုး အခြားနိုင်ငံတွေဟာလည်း လူထောင်ချီကို လူကုန်ကူးခံရမှုဖြစ်ပွားအောင် အချက်အခြာနေရာတွေဖြစ်နေတယ်လို့ ကုလသမဂ္ဂရဲ့ထုတ်ပြန်ချက်မှာ ထည့်သွင်းရေးသားထားပါတယ်။ အဆိုပါ တရုတ်ရုပ်ရှင်ဇာတ်ကားရဲ့နောက်ဆက်တွဲ ရလဒ်က တရုတ်နိုင်ငံရဲ့ပြည်ပခရီးသွားလုပ်ငန်းကို တုန်လှုပ်ခြောက်ခြားစေခဲ့ပြီး ခရီးသွားတွေဟာ အွန်လိုင်းကတစ်ဆင့် ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ ဂိုဏ်းတွေရှိနေတဲ့ နိုင်ငံတွေကိုသွားဖို့ စိတ်ဝင်စားမှု လျော့နည်းသွားစေခဲ့ပါတယ်။

ဒါ့အပြင် ကမ္ဘောဒီးယားနိုင်ငံဟာ နိုင်ငံ့ပုံရိပ်နဲ့ ဂုဏ်သိက္ခာထိခိုက်ကျဆင်းစေတဲ့အပြင် နိုင်ငံခရီးသွားလုပ်ငန်းအပေါ် တန်ပြန်အကျိုးဆက်တွေဖြစ်လာမယ့် အလားအလာတွေရှိနေတဲ့အတွက် နိုင်ငံအတွင်းမှာ “No More Bets”အမည်ရှိ ရုပ်ရှင်ဇာတ်ကား ပြသတာ ပိတ်ပင်ထားပါတယ်။ ဘေးကင်းလုံခြုံမှု စိုးရိမ်မှုတွေ မြင့်တက်လာတာကြောင့် အရှေ့တောင်အာရှဒေသကို တရုတ်ခရီးသွားတွေ လာရောက်မှု ကျဆင်းခဲ့နေရပါတယ်။ ကမ္ဘောဒီးယားနိုင်ငံကို ၂၀၁၉ ခုနှစ်တုန်းက လာရောက်ခဲ့တဲ့ ပြည်ပခရီးသွားအားလုံးရဲ့ ၃၅ ရာခိုင်နှုန်းက တရုတ်နိုင်ငံသားတွေဖြစ်ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံရဲ့ခရီးသွားဈေးကွက်အတွက် တရုတ်နိုင်ငံသားတွေက အဓိကဖြစ်ခဲ့ရပါတယ်။ ဒ့ါအပြင် တရုတ်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဖြစ်ပွားနေတဲ့ကာလနဲ့ လက်နက်ကိုင်ပဋိပက္ခ ရှိနေတဲ့အချိန်ကာလအတွင်းမှာတောင် မြန်မာနိုင်ငံရဲ့ခရီးသွားလုပ်ငန်းအတွက် အဓိကအရင်းအမြစ်ဖြစ်ခဲ့ပါတယ်။

Tourism insiders သတင်းဌာနက အွန်လိုင်းကတစ်ဆင့်လိမ်လည်နေတဲ့ ဂိုဏ်းတွေကြောင့် မြန်မာနိုင်ငံဟာ နိုင်ငံ့ဂုဏ်သိက္ခာ ထိခိုက်ကျဆင်းစေခဲ့သလို ပြည်ပခရီးသွားတွေရဲ့ ယုံကြည်မှုလည်း ကျဆင်းစေခဲ့တယ်လို့ ဖော်ပြထားပါတယ်။ တရုတ်အစိုးရဟာ သြဂုတ် ၁၀ ရက်နေ့မှာ အုပ်စုလိုက်ခရီးသွားခြင်း တားမြစ်ထားမှုကို ဖြေလျှော့ပေးခဲ့ပေမယ့် မြန်မာနိုင်ငံကိုလာရောက်လည်ပတ်ဖို့ စုံစမ်းမေးမြန်းတဲ့ တရုတ်ခရီးသွားအရေအတွက်လည်း ကျဆင်းနေဆဲဖြစ်ပါတယ်။

ဂျပန်နိုင်ငံအခြေစိုက် The Japan Times သတင်းဌာနက တရုတ်လူမူကွန်ရက်ဖြစ်တဲ့ Weibo ကတစ်ဆင့် စစ်တမ်းကောက်ယူခဲ့ရာ စစ်တမ်းကို ဝင်ရောက်ဖြေဆိုခဲ့သူ တရုတ်နိုင်ငံသား ၅၄၀၀၀ အနက် ၄၈၀၀၀ က မြန်မာနိုင်ငံကို ခရီးသွားခြင်း ရှောင်ရှားဖို့ ရည်ရွယ်ထားတယ်လို့ ဖြေဆိုခဲ့သလို အခြား တရုတ်နိုင်ငံသား ၃၀၀၀ ကျော်ကလည်း ဘေးကင်းလုံခြုံမှုအခြေအနေတွေကြောင့် မြန်မာနိုင်ငံကို သွားရောက်လည်ပတ်ဖို့ ချီတုံချတုံ ဖြစ်နေတယ်လို့ဖြေဆိုခဲ့ပါတယ်။ အဆိုပါ ဂျပန်သတင်းဌာနရဲ့စစ်တမ်းမှာ ဝင်ရောက်ဖြေဆိုခဲ့သူ တရုတ်နိုင်ငံသား ၈၅ ရာခိုင်နှုန်းကလည်း အရှေ့တောင်အာရှဒေသကို ခရီးသွားဖို့ စဉ်းစားတာမျိုးမရှိသေးဘူးလို့ ဖြေဆိုခဲ့ပါတယ်။

အာဆီယံဒေသတွင်းနိုင်ငံတွေဟာ တရုတ်ခရီးသွားတွေကို ဆွဲဆောင်နိုင်ဖို့ ကြိုးပမ်းလျက်ရှိနေရာ ကမ္ဘောဒီးယား ခရီးသွားလာရေးဝန်ကြီးဌာနဟာ သြဂုတ်လအတွင်းမှာ “China Ready”အစီအစဉ်ကို စတင်လုပ်ဆောင်ခဲ့ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံဟာ ၂၀၂၃ ခုနှစ်အကုန်မှာ တရုတ်ခရီးသွား ၈ သိန်းကျော်ကို ကြိုဆိုလက်ခံနိုင်ဖို့ မျှော်လင့်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံဟာလည်း တရုတ်နိုင်ငံသားတွေအတွက် အဓိကခရီးသွားနေရာဖြစ်လာစေဖို့နဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုကောင်းမွန်စေဖို့ တရုတ်နိုင်ငံဂျီလင်းဒေသနဲ့ နားလည်မှု စာချွန်လွှာကို ဇူလိုင်လအတွင်း လက်မှတ်ရေးထိုးခဲ့ပါတယ်။

တရုတ်ခရီးသွားတွေကို ဆွဲဆောင်နိုင်ဖို့ လုပ်ဆောင်တဲ့ အဲဒီကြိုးပမ်းမှုတွေဟာ တရုတ်အင်တာနက်သုံးစွဲသူတွေကြားမှာ ဆန့်ကျင့်ကန်ကွက်မှုတွေ မြင့်တက်စေခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ အွန်လိုင်း အသုံးပြုကာ လိမ်လည်မှုတွေ၊ ရာဇဝတ်မှုကျူးလွန်တာတွေနဲ့ပတ်သက်ပြီး ဆက်နွှယ်နေရာက တရုတ်အာဏာပိုင်တွေဟာ ၂၀၂၂ ခုနှစ်အတွင်းမှာ အွန်လိုင်းအသုံးပြုကာ လိမ်လည်ခံရသူပေါင်းထောင်ချီရဲ့အမှုတွေကို ဖော်ထုတ် နိုင်ခဲ့ပြီး လူကုန်ကူးဂိုဏ်းတွေရဲ့အဓိကအဖွဲ့ဝင်တွေ၊ ဂိုဏ်းခေါင်းဆောင်တွေကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ အဲဒီအမှုတွေထဲမှာ တရုတ်နိုင်ငံ Guiyang ဒေသအခြေစိုက် ခရီးသွားကုမ္ပဏီရဲ့အမှုဆောင်အရာရှိချုပ် ရှင်ဝေလင် ဆိုသူဟာ မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးနဲ့ အွန်လိုင်းအသုံးပြုကာ လိမ်လည်နေတဲ့ ဂိုဏ်းတွေရဲ့ခိုင်းစေခြင်း ခံရဖူးတဲ့အဖြစ်အပျက်ကိုလည်း အမှတ်ရစရာဖြစ်စေခဲ့ပါတယ်။

ဒါ့အပြင် ဆာရာဝက် ဒေသရှိ မလေးရှားနိုင်ငံသား ၈ ဦးဟာလည်း အွန်လိုင်းကတစ်ဆင့် အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေရမယ်လို့ မက်လုံးပေးခေါ်ယူခံရပြီးနောက် မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးနဲ့အွန်လိုင်းအသုံးပြုကာ လိမ်လည်နေတဲ့ဂိုဏ်းတွေရဲ့ လိမ်လည်မှုတွေ ကျူးလွန်ဖို့ ဖိအားပေးခြင်းနဲ့အဆုံးသတ်ခဲ့ရပါတယ်။ ဆာရာဝက်ဒေသရှိ မလေးရှားနိုင်ငံသားတွေဟာ Facebook ကတစ်ဆင့် တစ်လကို မလေးရှားရင်းဂစ် ၃၀၀၀ ကနေ ၆၀၀၀ အထိရရှိမယ့်အလုပ်ကို ထိုင်းနိုင်ငံမှာ လုပ်ကိုင်ရမယ်လို့ မက်လုံးပေးခေါ်ယူခံရပြီးနောက် မြန်မာနိုင်ငံရှိဆက်သွယ်ရေး အသုံးပြုကာ လိမ်လည်နေတဲ့ ရာဇဝတ်ဂိုဏ်းတွေရဲ့သားကောင်ဖြစ်နေရတယ်လို့ မလေးရှားသတင်းဌာနတွေက ဖော်ပြထားပါတယ်။

အဲဒီမလေးရှားနိုင်ငံသားတွေဟာ ဘာတွေလုပ်ကိုင်ရမလဲဆိုတာကိုမသိဘဲ သွားရောက်ခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံကိုရောက်ရှိပြီးနောက် မကြာမီ မြန်မာနိုင်ငံဘက်ခြမ်းကိုချက်ချင်း ပို့ဆောင်ခံရကာ အွန်လိုင်းနဲ့ ဆက်သွယ်ရေးလုပ်ငန်းတွေကတစ်ဆင့် လိမ်လည်မှုကျူးလွန်တဲ့အလုပ်တွေကို လုပ်ကိုင်စေခဲ့တာဖြစ်ပါတယ်။ အွန်လိုင်းနဲ့ ဆက်သွယ်ရေးလုပ်ငန်းအသုံးပြုကာ လိမ်လည်မှုကျူးလွန်နေတဲ့ ဂိုဏ်းတွေလက်ထဲမှာ သားကောင်ဖြစ်နေရသူတွေဟာ သတ်မှတ်ထားတဲ့ ပစ်မှတ်အရေအတွက်မျိုးကို မရရှိဘူးဆိုရင် ညှင်းပန်းနှိပ်စက်တာ၊ ခြိမ်းခြောက်ခံရတာနဲ့ အခြားအဖွဲ့အစည်းထံ ရောင်းစားခံရတာမျိုးတွေရှိနေပါတယ်။

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးကလည်း တရုတ်နိုင်ငံသားတွေကို အွန်လိုင်းကတစ်ဆင့် မြင့်မားတဲ့ လစာနဲ့ အလုပ်ကိုင်အခွင့်အလမ်းကောင်းတွေရမယ်လို့ မက်လုံးပေးခေါ်ယူတဲ့ ကြော်ငြာတွေကို မယုံကြည်ဖို့ ၊ ဥပဒေနဲ့မညီတဲ့အလုပ်တွေကိုမလုပ်ဖို့ သတိပေးထားပါတယ်။ တရုတ်အစိုးရဟာ အွန်လိုင်းနဲ့ဆက်သွယ်ရေး လုပ်ငန်းကို အသုံးပြုကာ လိမ်လည်နေတဲ့ ဂိုဏ်းတွေကို ဖြိုခွင်းနိုင်ဖို့ ထိုင်း၊ မြန်မာ၊ လာအိုနိုင်ငံတို့နဲ့ မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်မှုအရှိန်မြှင့် လုပ်ဆောင်လာခဲ့ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အွန်လိုင်းကတစ်ဆင့် ရာဇဝတ်မှုကျူးလွန်နေတဲ့ဂိုဏ်းတွေကို ဖြိုခွင်းနိုင်ဖို့ ၄ နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးစင်တာကို ဖွင့်လှစ်တည်ထောင်ခဲ့ပါတယ်။

လက်ရှိမှာဆိုရင်လည်း မြန်မာ-တရုတ်နယ်စပ်မှာ အွန်လိုင်းလိမ်လည်မှုကျုးလွန်တဲ့ တရုတ်ရာဇဝတ်ဂိုဏ်းတွေကို တရုတ်- မြန်မာ ပူးပေါင်းဖမ်းဆီးနေပေမဲ့ တစ်နှစ်ကို တရုတ် ၇၀၀၀၀ လောက် လူကုန်ကူးခံနေရတဲ့ ထိုင်း- မြန်မာ နယ်စပ်တကျောမှာတော့ တိုင်းရင်းသားလက်နက်ကိုင်အချို့ဟာ ဒီတရုတ်ရာဇဝတ်ဂိုဏ်းတွေရဲ့ ဆက်နွှယ်ကျောထောက်နောက်ခံပြုထားတဲ့အခြေအနေဖြစ်နေတာကြောင့်လည်း ထိုင်း-မြန်မာနယ်စပ်တကျောက တရုတ်အွန်လိုင်းလိမ်လည်တဲ့ဂိုဏ်းတွေကို ထိထိရောက်ရောက် နှိမ်နင်းနိုင်မှုမရှိတာကြောင့် မြန်မာနိုင်ငံရဲ့ တရုတ်ခရီးသွားအများအပြားဝင်လာရေးအိပ်မက်ဟာ ပျက်ပြယ်သွားမလားဆိုတာတော့……။

Leave a Reply

Your email address will not be published. Required fields are marked *