◾ ကုန်ဈေးနှုန်း လိုက်ပါမြင့်တက်မည်ကို ဝန်ထမ်းများက စိုးရိမ်နေ

၃၀. ၉. ၂၀၂၃
Written by Ye Kyaw

နိုင်ငံ့ဝန်ထမ်းများအား လက်ရှိလစာအပြင် အပိုထောက်ပံ့ကြေးများ ထောက်ပံ့ပေးမည်ဟု သတင်းများထွက်ပေါ်ပြီးနောက် တစ်ရက်အတွင်း ပြည်တွင်းရွှေဈေးနှုန်း ကျပ်ငါးသောင်းဝန်းကျင် မြင့်တက်ခဲ့ပြီး ဒေါ်လာဈေးနှုန်းလည်း အနည်းငယ်မြင့်တက်လာမှုကြောင့် စားသောက်ကုန်အချို့လည်း ဈေးနှုန်းတက်ရိပ်ပြလာခဲ့ကြောင်း သိရသည်။

ကုန်ဈေးနှုန်းများကျဆင်းစေရေး စနစ်တကျဆောင်ရွက်နေပြီး နိုင်ငံ့ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက်ကိုလည်း ထောက်ပံ့ငွေများ မကြာမီ ထပ်မံပေးအပ်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စက်တင်ဘာလ ၂၉ ရက် (ယမန်နေ့)တွင် ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၅/၂၀၂၃) တွင် ပြောကြားခဲ့သည်။

ယမန်နေ့တွင် SAC ဥက္ကဋ္ဌက ယင်းကဲ့သို့ အသိပေးပြီးနောက် ယနေ့တွင် ပြည်တွင်းရွှေဈေးနှုန်းသည် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃,၄၅၀,၀၀၀ အထိ မြင့်တက်ခဲ့ပြီး ဒေါ်လာဈေး တစ်‌ဒေါ်လာ ကျပ် ၃,၃၃၀ သို့ ရောက်ရှိလာခဲ့သည်။ တစ်ရက်အတွင်း ရွှေဈေးနှုန်း ကျပ်ငါးသောင်းဝန်းကျင်နှင့် ဒေါ်လာဈေး တစ်ဒေါ်လာ ကျပ် ၅၀ ဝန်းကျင် မြင့်တက်ခဲ့ခြင်းဖြစ်သည်။

“ဒီနေ့မနက်မှာတော့ နည်းနည်းငြိမ်နေတယ်။ ဘာမှသိသိသာသာမကြားရဘူး။ ဒါပေမဲ့ အသားငါးဈေးတွေတော့ နောက်နေ့မှာ နည်းနည်းတက်မယ်လို့ကြားတယ်။ ဘာလို့ဆိုတော့ သူတို့ဝယ်ရတဲ့ဒိုင်တွေမှာ နည်းနည်းတက်တယ်လို့ ပြောတယ်။ အခြားဟာတွေကတော့ အရင်ထဲက ဈေးနှုန်းကမြင့်နေပြီးသားတွေ ထပ်ပြီးတော့ ထူးထူးခြားခြားတော့ မကြားရသေးဘူး။ ဒီနေ့မနက်အထိတော့ပေါ့” ဟု တောင်ဒဂုံမြို့နယ်မှ အိမ်ရှင်မတစ်ဦးက ပြောသည်။

စက်တင်ဘာလ ၃၀ ရက် (ယနေ့) နေ့လည်ပိုင်းတွင် နိုင်ငံတော်အတွင်း နိုင်ငံတော်၏ တာဝန်ကိုထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများအား အပိုထောက်ပံ့ကြေးအဖြစ် ကျပ် ၃၀,၀၀၀ ခံစားခွင့်ပြုမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အတည်ပြုကြေညာလိုက်သည်။

အလားတူ အစိုးရဌာနများနှင့် အဖွဲ့အစည်းများရှိ နေ့စားအလုပ်သမားများ၏ လုပ်ခကို အလုပ်ချိန် တစ်နေ့ ၈ နာရီအတွက် လက်ရှိသတ်မှတ်ထားသော လုပ်ခ ကျပ် ၄,၈၀၀ (ကျပ်လေးထောင့်ရှစ်ရာတိတိ) အပေါ်တွင် အပိုထောက်ပံ့ကြေးအဖြစ် ၁၀၀၀ (တစ်ထောင်ကျပ်တိတိ) ထပ်မံခံစားခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရှိရသည်။

“ကုန်ဈေးနှုန်းလိုက်တက်ရင်တော့ ဘာမှမကောင်းဘူး။ အရင်တုန်းကဆို လစာ ၁၈၀,၀၀၀ ဆိုလို့ရှိရင် အဆင်ပြေတယ်။ အခု ၁၈၀,၀၀၀ က ၁၈,၀၀၀ လောက်လို့ပဲ ခံစားရတော့တယ်။ အရင်တုန်းကတော့ အစိုးရကနေပေးတဲ့ ထောက်ပံ့မှုတွေကိုတော့ အကုန်ရခဲ့ပါတယ်။ ဒါပေမဲ့လည်း ဘာမှမထူးဘူး။ ကုန်ဈေးနှုန်း လိုက်တက်ရင်တော့ ပိုက်ဆံပိုရေရတာပဲ အဖက်တင်တယ်” ဟု ကျန်းမာရေးဝန်ကြီးဌာနအောက်တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းတစ်ဦးက ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News