၃၀. ၉. ၂၀၂၃
Written by Nyein Kyaw
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုး ဦးဆောင်သည့်အဖွဲ့အား ယနေ့တွင် နေပြည်တော်၌ လက်ခံတွေ့ဆုံပြီး ငြိမ်းချမ်းရေးဆိုင်ရာကိစ္စများ ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။
အဆိုပါ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် တပ်မတော်အရာရှိကြီးများ၊ အမျိုးသားစည်းလုံးညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့ တက်ရောက်ကြပြီး ကရင်တိုင်းရင်းသားဆောင် စောမူတူးစေးဖိုးနှင့်အတူ ကရင်အမျိုးသားစည်းအရုံး (KNU) ဗဟိုကော်မတီဝင်ဟောင်းဖြစ်သူ စောရောဂျာခင်၊ ကော့ကရီတ်ခရိုင်ဥက္ကဋ္ဌ ပဒိုရွှေမောင်းတို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
တစ်နိုင်ငံလုံး အပစ်အခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း ၈ နှစ်မြောက်အခမ်း အနားသို့ လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားအဖွဲ့အစည်းများ အကုန်တက်နိုင်ရန်လိုအပ်ပြီး လက်မှတ်မရေးထိုးရသေးသည့် အဖွဲ့အစည်းများကလည်း ငြိမ်းချမ်းရေးလိုချင်ပါက တက်ရောက်နိုင်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးပြီးမင်းအောင်လှိုင်က စက်တင်ဘာလ ၂၈ ရက်တွင် ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၄/၂၀၂၃) တွင် ပြောကြားခဲ့သည်။
NCA လက်မှတ်ရေးထိုးခြင်း ၈ နှစ်မြောက်အခမ်းအနားအား လာမည့် အောက်တိုဘာလ ၁၅ ရက်တွင် နိုင်ငံရေးအနှစ်သာရရှိရှိ ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါအခမ်းအနားသို့ တက်ရောက်နိုင်ရန် နိုင်ငံတကာခေါင်းဆောင်များကိုလည်း ဖိတ်ကြားထားသည်။