၂၉. ၉. ၂၀၂၃
Written by Nyein Kyaw

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များကို တာဝန်ပေးအပ်ရာတွင် ယခင်က နိုင်ငံတော်၏တာဝန်ထမ်းဆောင်ခဲ့မှု၊ လုပ်ငန်းတာဝန်လုပ်ဆောင်မှုနှင့် ဖြတ်သန်းခဲ့မှုများကိုကြည့်၍ တပ်မတော်ပိုင်းဆိုင်ရာ အရာရှိကြီးများ၊ နယ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်များကို ယုံကြည်မှုဖြင့် တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်တင်ဘာ ၂၈ ရက်တွင် ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၄/၂၀၂၃) တွင် ပြောကြားခဲ့သည်။

“‌နိုင်ငံတော်စိမံအုပ်ချုပ်ရေးကောင်စီဟာ နိုင်ငံတော်ကိုတာဝန်ယူရတဲ့ နိုင်ငံရဲ့အမြင့်ဆုံးအဖွဲ့အစည်းဖြစ်ပါကြောင်း၊ ဒါကြောင့် လုပ်ငန်းများဆောင်ရွက်ရာမှာ စံနမူနာပြလုပ်ဆောင်ကြရန် လိုအပ်မှာဖြစ်ပြီး နိုင်ငံတော်နဲ့ ပြည်သူတို့ရဲ့ကောင်းကျိုးကို ဖော်ဆောင်ပြီး ယုံကြည်မှုရရှိအောင် တည်ဆောက်နိုင်ရမှာဖြစ်တယ်” ဟု SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ထို့ပြင် တရားမဝင်ကုန်သွယ်မှုဆောင်ရွက်နေမှုများ၊ ဆီဈေးနှုန်းများနှင့် ကုန်ဈေးနှုန်းများကို သတ်မှတ်ဈေးနှုန်းများထက် အလွန်အကျွံမြှင့်တင်ရောင်းချနေသူများနှင့် ပါဝင်ပတ်သက်လျက်ရှိသည့် ဌာနဆိုင်ရာတာဝန်ရှိသူများကို ဥပဒေနှင့်အညီ ထိရောက်စွာဆောင်ရွက်သွားမည်ဖြစ်ကြောင်း အထက်ပါအစည်းအဝေးတွင် အသိပေးခဲ့သည်။

ယခုစက်တင်ဘာလအတွင်း SAC ဥက္ကဋ္ဌ၏ လူယုံတစ်ဦးအဖြစ် လူသိများပြီး ကောင်စီအဖွဲ့ဝင်၊ စီးပွားရေးကဏ္ဍတွင် အဓိကနေရာများဖြစ်သည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ဥက္ကဋ္ဌ၊ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ တာဝန်များကို ပူးတွဲတာဝန်ယူထားသည့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ကောင်စီအဖွဲ့ဝင်ဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်တို့အား ‌ခေါ်ယူစစ်ဆေးခြင်းခံရသည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။

ယင်းကဲ့သို့ သတင်းများ ထွက်ပေါ်လာခဲ့ပြီးနောက် စက်တင်ဘာလ ၂၅ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီအဖွဲ့အား ပြင်ဆင်ဖွဲ့စည်းပြီး ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနှင့် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်တို့၏နေရာတွင် ဗိုလ်ချုပ်ကြီးမောင်မောင်အေးနှင့် ဒုတိယဗိုလ်ချုပ်ကြီးညိုစောတို့ဖြင့် အစားထိုးပြန်လည်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ အလားတူ ခေါ်ယူစစ်ဆေးခံနေရသည်ဟု သတင်းများထွက်ပေါ်ခဲ့သော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးညွန့်အောင်လည်း အနားပေးခံခဲ့ရသည်။

မိမိတို့နိုင်ငံအနေဖြင့် တည်ငြိမ်အေးချမ်းမှုရှိပြီး မျှော်မှန်းချက်များ၊ ဦးတည်ချက်များကို မှန်မှန်ကန်ကန် အကောင် အထည်ဖော် ဆောင်ရွက်နိုင်မည်ဆိုပါက နှစ်အနည်းငယ်အတွင်း ဒေသတွင်းနိုင်ငံများအကြား၌ အလယ်အလတ်အဆင့်၌ ရပ်တည်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ အမြင့်ဆုံးတာဝန်ထမ်းဆောင်နေသည့် ကောင်စီအဖွဲ့ဝင်များအား သက်ဆိုင်ရာဒေသအလိုက်ခွဲဝေကာ တာဝန်များပေးအပ်ထားကြောင်း SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *