၂၉. ၉. ၂၀၂၃
Written by Nay Moe

သီလရှင်တစ်ပါးအပါအဝင် လူ ၁၁ ဦးကို ဒလန်ဟုဆိုကာ ၂ လအတွင်း သတ်ဖြတ်ခဲ့သည်ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့(LLPDF) က ဝန်ခံ ကြေညာချက်များ ထုတ်ပြန်ထားသည်။

လောင်းလုံး PDF က သတ်ဖြတ်လိုက်သူများမှာ ဇူလိုင် ၁၀ ရက်တွင် တပ်မတော်သားဟုဆိုသူနှစ်ဦးကို သတ်ဖြတ်ခဲ့သည်ဟု သိရသည်။ ဇူလိုင် ၁၆ ရက်တွင် လောင်းလုံးမြို့နယ် မြခါးပတ်ကျေးရွာနေ ဦးအောင်မိုးသူနှင့် သီလရှင်တစ်ပါးကို ဒလန်ဟုဆိုကာ သတ်ဖြတ်လိုက်ပြီး ကိုသက်စိုးထိုက်ဆိုသူကိုလည်း လောင်းလုံးပြည်သူ့စစ်အဖွဲ့ဝင်ဟုဆိုကာ ဇူလိုင် ၂၂ ရက်တွင် သတ် ဖြတ်ခဲ့သည်။

အလားတူ ဝေဒီကျေးရွာနေ မဝေဝေကိုလည်း လခရအဖွဲ့ဝင်များနှင့် ပူးတွဲအလုပ်လုပ်သည်ဟုဆိုကာ ဩဂုတ် ၆ ရက်တွင် သတ်ဖြတ်လိုက်ပြီး အင်းဇောက်ကျေးရွာမှ ပြည်သူ့စစ်ခေါင်းဆောင်ဟုဆိုသူ မနုသိန်း၏ဖခင်နှင့် ပြည်သူ့စစ်အဖွဲ့ဝင်များဟုဆိုသည့် ကိုတောက်တောက်နှင့် ကိုအောင်နိုင်ရှိန်တို့ကိုလည်း စက်တင်ဘာ ၁၄ ရက်တွင် သတ်ဖြတ်လိုက်သည်ဟု လောင်းလုံး PDF က ပြောသည်။

အထက်ပါစွပ်စွဲသတ်ဖြတ်မှုများအပြင် လောင်းလုံးမြို့နယ် မောင်းမကန်ရွာနေ ကိုဂစ်ဆီဆိုသူကိုလည်း မောင်းမကန်ရဲစခန်းသို့ ဝင်ထွက်သွားလာမှုဖြင့် စက်တင်ဘာ ၂၂ ရက်တွင် နေအိမ်အတွင်း ဝင်ရောက်သတ်ဖြတ်လိုက်ပြီး မူးယစ်ဆေးအလုံး ၁၅၀ သိမ်းမိကာ ကျပ် ၁၂၀၀၀၀ လုယက်ခဲ့ကြောင်းနှင့် မောင်းတောင်ရွာနေ ကိုနိုင်ဦးဆိုသူကိုလည်း လောင်းလုံးမြို့နယ်အတွင်း မူးယစ်ဆေးများ ရောင်းချသည်ဟုဆိုကာ စက်တင်ဘာ ၂၅ ရက်တွင် သတ်ဖြတ်ခဲ့ပြီး မူးယစ်ဆေး ၁၀၀ သိမ်းယူကာ ငွေကျပ် ၁၄၀၀၀၀ လုယက်ခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဥ်များတွင် လောင်းလုံး PDF က သတ်ဖြတ်ခဲ့ကြောင်း ဝန်ခံချက်ထုတ်ပြန်သည်ကိုသာ MT News သတင်းဌာနက ရေးသားဖော်ပြခြင်းဖြစ်ပြီး ထိုသို့လောင်းလုံး PDF က ဒလန်၊ ပြည်သူ့စစ်၊ မူးယစ်ဆေးရောင်းချသည်ဆိုသည့် စွပ်စွဲ ချက်များဖြင့် လုယက်သတ်ဖြတ်မှုမှာ မှန်ကန်မှု ရှိ မရှိ အတည်မပြုနိုင်သလို လောင်းလုံး PDF ကလည်း ၎င်းတို့၏ စွပ်စွဲ ချက်များ မှန်ကန်မှုရှိ မရှိ ဖော်ပြနိုင်ခြင်းမရှိဘဲ ထို ၁၁ ဦးကို ၎င်းတို့သတ်ဖြတ်ကြောင်း၊ အခြားသူများနှင့် မဆိုင်ကြောင်းသာ ဝန်ခံချက်ထုတ်ခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *