◾ မကျော်ဖူးသည့် အုပ်စုအဆင့်ကို ကျော်အောင် ကြိုးစားမည်ဟု ဆို

MT News

Written by Peya

ဩစတြေးလျကလပ် Macarthur FC အသင်းနှင့် ယှဉ်ပြိုင်ရာတွင် အရပ်အမောင်း ကွာဟချက်အတွက်လည်း ကစားပုံကို ပြင်ဆင်ထားကြောင်းနှင့် ယခင်က မကျော်ဖူးသည့် အုပ်စုအဆင့်ကို ကျော်အောင်ကြိုးစားမည်ဖြစ်ကြောင်း ရှမ်းယူနိုက်တက် နည်းပြချုပ် ဦးဟန်ဝင်းအောင်က ယနေ့ စက်တင်ဘာ ၂၀ ရက်တွင် ပြုလုပ်သည့် ပွဲကြိုသတင်းစာ ရှင်းလင်းပွဲအပြီးတွင် MT News သတင်းဌာနသို့ ပြောသည်။

AFC Cup 2023/24 ပြိုင်ပွဲ အုပ်စု(F)အဖွင့် ပွဲစဥ်အဖြစ် ၂၀၂၂ မြန်မာနေရှင်နယ်လိဂ် ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းနှင့် ဩစတြေးလျကလပ် Macarthur FC အသင်းတို့သည် စက်တင်ဘာ ၂၁ ရက် ညနေ ၆ နာရီခွဲ အချိန် သုဝဏ္ဏကွင်းတွင် ယှဥ်ပြိုင်ကစားကြမည်ဖြစ်ပြီး ရှမ်းယူနိုက်တက်အသင်း ကျရောက်နေသည့် အုပ်စုအတွင်း ဩစတြေးလျကလပ် Macarthur FC၊ ဖိလစ်ပိုင်ကလပ် DYNAMIC HERB CEBU နှင့် ဖိလပ်ပိုင်ကလပ် PHNOM PENH CROWN တို့ ပါဝင်နေသည်။

ဩစတြေးလျကလပ် Macarthur FC အသင်းသည် နာမည်ရှိ အသင်းလည်း ဖြစ်သောကြောင့် ရှမ်းယူနိုက်တက်အတွက် ခက်ခက်ခဲခဲ ရင်ဆိုင်ရဖွယ်ရှိနေခြင်း ဖြစ်သည်။

“သူတို့ အသင်းမှာက အရပ်အမောင်းကောင်းတဲ့ကစားသမား တော်တော်များတယ်။ သာမန်အရပ်ရှိတဲ့သူတောင် ခြောက်ပေ ပတ်ချာလည်လောက်ရှိတယ်။ ကျွန်တော်တို့ဆီမှာဆို ရှည်တဲ့သူလောက် ရှိတာ။ ခြောက်ပေထက် မြင့်တဲ့သူလည်း လေးငါးယောက်လောက် ရှိတယ်။ ဘောလုံးကတော့ ပြောလို့မရဘူး။ အရပ်အမောင်းနဲ့က ဆိုင်တယ်လည်း ပြောလို့ရတယ်။ မဆိုင်ဘူးလည်း ပြောလို့ရတယ်။ အဲ့ဒီအတွက်လည်း ပြင်ထားတယ်။ ကစားတဲ့ ပုံစံကိုလည်း ပြင်ထားတယ်” ဟု ဦးဟန်ဝင်းအောင်က ဆိုသည်။

ကြံ့ခိုင်မှုအနေဖြင့် အာဆီယံကလပ်များတွင် ရှိသည့် Level အတိုင်း ပြင်ဆင်ထားကာ ဩစတေးလျကလပ်မှာမူ အစိမ်းသက်သက်ဖြစ်နေပြီး တဖက်အသင်း၏ ကြံ့ခိုင်မှုကို သုံးသပ်မရသည့် အခြေအနေဖြစ်နေကြောင်းလည်း ၎င်းက ဆိုသည်။

ရှမ်းယူနိုက်တက် အသင်းအနေဖြင့် ယခု တစ်ကြိမ်သည် AFC Cup တွင် လေးကြိမ်မြောက် ပါဝင်ယှဉ်ပြိုင်ရခြင်းဖြစ်ပြီး ပြီးခဲ့သည့် ကာလများက ရလာဒ်မကောင်းသည့် အပေါ် မျှော်လင့်ချက်ကို MT News သတင်းဌာနက မေးမြန်းရာတွင် “ကျွန်တော်တို့ ဇုန်တွေရှိတယ်။ အုပ်စုတစ်ခါမှ မကျော်ဖူးဘူး။ တစ်ပွဲလား မသိဘူး နိုင်ဖူးတာ။ ခြောက်ပွဲကစားရမှာ။ အုပ်စု အတွင်းကနေ ကျော်အောင် ရည်ရွယ်ချက်ထားတာပါ” ဟု ဦးဟန်ဝင်းအောင်က ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *