MT News

Written by Tha Doe

ယခုရက်ပိုင်းအတွင်း ဆက်တိုက်ကျဆင်းနေသော ရွှေစျေးနှင့် ဒေါ်လာစျေးမှာ စက်တင်ဘာ ၁၃ ရက်တွင်လည်း ထပ်မံကျဆင်းကာ ရွှေစျေးမှာ တစ်ကျပ်သား ကျပ် ၂၉၄၀၀၀၀ ခန့် ဖြစ်ပေါ်ခဲ့ကာ ဒေါ်လာမှာလည်း တစ်ဒေါ်လာ ၃၃၀၀ ဝန်းကျင်သို့ ပြန်လည်ကျဆင်းခဲ့ကြောင်း သိရသည်။

ရွှေနှင့် ဒေါ်လာစျေးကစားသူများအား ဖမ်းဆီးထိန်းသိမ်းမှုအချို့ရှိခြင်း၊ စျေးကွက်အတွင်းသို့ ဒေါ်လာသန်း ၂၀၀ ထည့်ကာ စက်သုံးဆီစျေးကျဆင်းရန် လုပ်ဆောင်ခြင်း၊ ရွှေဒင်္ဂါးပြားများ ရောင်းချပေးခြင်း စသည်ဖြင့် လုပ်ဆောင်မှုများကြောင့် တစ်ကျပ်သား ကျပ် ၃၁ သိန်းအထက်တွင် အတက်အကျဖြစ်ပေါ်နေသည့် ပြည်တွင်းရွှေစျေးနှင့် တစ်ဒေါ်လာ ကျပ် ၃၆၀၀ ခန့်ဖြင့် အကျဘက်တွင် တည်ငြိမ်နေသော ဒေါ်လာစျေးတို့မှာ ယခုကဲ့သို့ ကျဆင်းလာနေခြင်းဖြစ်သည်။

စျေးကွက်အတွင်း အရောင်းအဝယ်ဖြစ်ပေါ်နေသော ရွှေစျေးနှုန်းများမှာ စက်တင်ဘာ ၅ ရက်တွင် SAC က ရွှေတစ်ကျပ် ကျပ် ၂၉ သိန်းခွဲဖြင့် ရောင်းချပေးခဲ့ရာ ပြည်တွင်းရွှေစျေးကွက်တွင် ရွှေတစ်ကျပ်သားလျှင် ကျပ် ၃၀၅၀၀၀၀ နှင့် ကျပ် ၃၁ သိန်းအကြား အတက်အဆင်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီးနောက် စက်တင်ဘာ ၆ ရက်တွင် SAC က ကျပ် ၂၈ သိန်းခွဲဖြင့် ရောင်းချခဲ့သဖြင့် ပြည်တွင်းရွှေစျေးကွက်အတွင်း ကျပ် ၃၁၁၀၀၀၀ ခန့်ဖြင့် အရောင်းအဝယ်ဖြစ်ပေါ်ခဲ့သည်။ စက်တင်ဘာ ၇ ရက်တွင် အဖွင့်စျေးတွင် ရွှေတစ်ကျပ်သား ၃၁၃၀၀၀၀ ခန့်ဖြင့် အရောင်းအဝယ်ဖြစ်ပေါ်ခဲ့ပြီး ညနေစျေးတွင် ကျပ် ၃၁ သိန်းဖြစ်ပေါ်ခဲ့သည်။ စက်တင်ဘာ ၈ ရက်အဖွင့်စျေးတွင် ရွှေတစ်ကျပ်သား ၃၁၁၀၀၀၀ ခန့်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ညနေစျေးတွင် ၃၁ သိန်းခွဲသို့ မြင့်တက်ခဲ့သည်။ စက်တင်ဘာ ၉ ရက်အဖွင့်စျေးတွင်မူ ကျပ် ၃၁၈၀၀၀၀ ခန့်မြင့်တက်လာခဲ့သည်။ ထို့နောက် စက်တင်ဘာ ၁၂ ရက်အဖွင့်စျေးတွင် ရွှေတစ်ကျပ်သား ၃၀၈၀၀၀၀ ဖြင့် စျေးဖွင့်ခဲ့ပြီး ညနေပိုင်းတွင် ၃၀၉၀၀၀၀ ခန့်ဖြစ်ပေါ်ခဲ့သည်။ ထို့နောက် စက်တင်ဘာ ၁၃ ရက်တွင် အဖွင့်စျေး ကျပ် ၃၀၁၀၀၀၀ ဖြင့် ဖွင့်ခဲ့ပြီးနောက် နေ့လယ်ပိုင်းတွင် ကျပ် ၂၉၈၀၀၀၀ သို့ ဆက်လက်ကျဆင်းခဲ့ပြီးနောက် ညနေပိုင်းတွင်မူ ၂၉၄၀၀၀၀ ခန့်အထိ ဆက်လက်ကျဆင်းခဲ့သည်။

ထိုနည်းတူ ဒေါ်လာစျေးကွက်အတွင်း၌လည်း စက်တင်ဘာ ၅ ရက်ခန့်မှစတင်ကာ တစ်ဒေါ်လာ ကျပ် ၃၆၀၀ ဝန်းကျင်ဖြင့် တည်ငြိမ်နေသည့် ဒေါ်လာစျေးမှာလည်း စက်တင်ဘာ ၁၂ ရက်တွင် တစ်ဒေါ်လာ ၃၅၀၀ ကျပ်သို့ ကျဆင်းခဲ့ကာ စက်တင်ဘာ ၁၃ ရက်တွင်မူ ၃၃၀၀ ဝန်းကျင်သို့ ဆက်လက်ကျဆင်းခဲ့ကြောင်းသိရသည်။ ကမ္ဘာ့ရွှေစျေးမှာမူ ၁ အောင်စလျှင် အဖွင့်စျေး ၁၇၂၄ ဒေါ်လာဖြစ်ခဲ့ပြီး ၁၇၁၉ ဒေါ်လာနှင့် ၁၇၂၇ ဒေါ်လာအကြား အတက်အဆင်းဖြစ်ခဲ့ပြီးနောက် ညနေပိုင်းတွင် ၁၇၂၆ ဒေါ်လာသို့ ပြန်တက်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News