April 29, 2024

၁၂. ၉. ၂၀၂၃
Written by Peya

သပိတ်ပိုက်ပြီး ဆွမ်းခံနေဟန် ဓာတ်ပုံရိုက်ကာ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်ပေါ်တင်သူ သီလရှင်ကို ခံဝန်ထိုးခိုင်းခဲ့ပြီး အဆိုပါ သီလရှင်က လူဝတ်လဲကာ ပဲခူးတိုင်းက ထွက်ခွာမည်ဟု ခံဝန်ချက်ပြောကြားကာ လက်မှတ်ရေးထိုးခဲ့ကြောင်း MT News သတင်းဌာနက စုံစမ်း သိရှိရသည်။

အဆိုပါ သီလရှင်သည် ထေရီ ပန်ထွာ အမည်ရှိ လူမှုကွန်ရက် အကောင့်တွင် သပိတ်ပိုက် ဆွမ်းခံကြွဟန် ဓာတ်ပုံတင်ထားခြင်းဖြစ်ပြီး ယခုအခါ ဖျက်သွားပြီဟု ယူဆရသည့် အဆိုပါ အကောင့်တွင် တင်ထားသည်များကို MT News သတင်းဌာနက စက်တင်ဘာလ ၁၁ ရက်က ကြည့်ရှု့ခဲ့ရာ တရားဟောနေသည့် Video ကိုလည်း တွေ့ရပြီး သီလရှင်မဝတ်မီ လူဝတ် ဖြင့် ဓာတ်ပုံအချို့လည်း တွေ့မြင်ရသည်။

အဆိုပါ သီလရှင်သည် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်မြို့၊ မှုတ်ရှည်ရပ်ကွက်၊ သိမ်တောင်ကျောင်းတိုက်တွင် ဝါဆိုစာရင်းသွင်းထားကာ ဓမ္မထေရီပန်ထွာကျောင်းတွင် နေထိုင်ခြင်းဖြစ်ပြီး ဘွဲ့နာမည်မှာ ဒေါ်ပညာနန္ဒီဖြစ်ကာ လူ အမည်မှာ ဒေါ်မာမာလွင် (ခ) ဒေါ်မေမြတ်နိုး ဖြစ်သည်။သီလရှင် ဝတ်ထားသည်မှာ တစ်နှစ်ခန့်သာ ရှိသေးကြောင်းလည်း သိရသည်။ သူမက သီလရှင် စည်းကမ်းစည်းမျဉ်းများကို နားလည်မှုမရှိသဖြင့် ယခုကဲ့သို့ ဓာတ်ပုံရိုက်ကာ ထေရီပန်ထွာ အမည်ရှိ ဖေ့စ်ဘွတ်ခ် စာမျက်နှာထက်တွင် တင်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းမှာ ရပ်ကွက်အတွင်း လှည့်လည်ဆွမ်းခံခြင်း မဟုတ်ဘဲ ကျောင်းဝန်းအတွင်း ရိုက်ခြင်းဖြစ်ကာ ကြည်ညိုဖွယ်ဆောင်သည်ဟု ထင်မြင်ယူဆ၍ ယခုကဲ့သို့ တင်ခဲ့ခြင်းဖြစ်ကြောင်း ခံဝန်တွင် ဖော်ပြထားသည်။

ထိုသို့ ထပ်မံ မဆောင်ရွက်တော့ကြောင်း၊ ထေရီ ပန်ထွာ အမည်ရှိ ဖေ့စ်ဘွတ်ခ်အကောင့်ကိုလည်း အသုံးမပြုတော့ကြောင်း၊ လူဝတ်လဲပြီး ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) မှ အပြီးအပိုင် ထွက်ခွာမည်ဖြစ်ကာ နောင်တွင် သာသနာတော်နှင့် မအပ်စပ်သည့် ကိစ္စရပ်များ ထပ်မံကျူးလွန်မည်ဆိုပါက အပြစ်ပေးအရေးယူခြင်းကို ခံယူမည်ဖြစ်ကြောင်းလည်း ခံဝန်တွင် ရေးသားထားသည်။

“ပါရကြီးတောင်မှာ သီတင်းသုံးခဲ့တယ်လို့ သိရပါတယ်။ သပိတ်နဲ့ ဆွမ်းခံနေတာက အင်တာနက်မှာ ပြန့်လာတာပေါ့နော်။ သီလရှင်ဆိုတာက ရှစ်ပါးသီလစောင့်ထိန်းတာလေ။ လူတွေထက် သီလအနေနဲ့ မြတ်ပါတယ်။ ဒါပေမယ့် ဘုန်းကြီးလိုတော့ မလုပ်ကောင်းဘူး။ နောက်ပြီး အကောင့်ကလည်း ဘိက္ခုနီတွေလို ထေရီ ဆိုပြီး တပ်ထားတယ်။ ဘိက္ခုနီသာသနာက မရှိတော့ပါဘူး။ ဘိက္ခုနီတွေလို သပိတ်နဲ့ ဆွမ်းခံတာမျိုးလို့ ထင်မိတယ်။ မလုပ်ကောင်းပါဘူး” ဟု သံဃာတော်တစ်ပါး က MT News သတင်းဌာနသို့ မိန့်ကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *