၁၂. ၉. ၂၀၂၃
Written by Nay Moe

၂၀၂၃ ခုနှစ် ဇူလိုင်လမှစ၍ “ ကနောင် စစ်ဆင်ရေး ” ဟု အမည်ပေးထားသော စစ်ဆင်ရေးတစ်ရပ်အား တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် PDF မန္တလေးတို့ ပူးတွဲ၍ ဆင်နွှဲလျက်ရှိပြီး အဆိုပါ ကနောင်စစ်ဆင်ရေးအတွင်း လခရ ၇၈ ဦးသေဆုံးခဲ့သောလည်း TNLA နှင့် မန္တလေး PDF က နှစ်ဦးသာသေခဲ့သည်ဟု ထုတ်ပြန်ထားသည်။

“ ကနောင်စစ်ဆင်ရေး ” ၏ ပထမဦးဆုံး အဖွင့်အနေဖြင့် ၂၀၂၃ ခုနှစ် ဇူလိုင် ၁၅ ရက်တွင် မတ္တရာမြို့နယ်ရှိ အင်ကြင်းမြိုင်လေကြောင်းရန်ကာကွယ်ရေးတပ် (၁၀၁၄) အား နံနက် ၃ နာရီအချိန်တွင် ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် အင်ကြင်းမြိုင်တပ်၏ ကာကင်းစခန်းတစ်ခုအား ဝင်ရောက်စီးနင်းခဲ့ ခြင်းဖြစ်သည်။ ထို့နောက် အင်ကြင်းမြိုင်တပ်သို့ အင်အား ၁၀၀ ဝန်းကျင်ဖြင့် စစ်ကူလာပေးသော ယာဥ်တန်း(၆ စီး) ကိုလည်း မိုင်းဆွဲဖြတ်တောက်ခဲ့သည်။ အဆိုပါ တိုက်ပွဲများတွင် ဗိုလ်ကြီး (၁) ဦးအပါအဝင် မျက်မြင်သေဆုံးမှု (၁၉) ဦးနှင့် ဒဏ်ရာရရှိမှု အများအပြား ရှိခဲ့ပြီး စစ်ကူလာသော ကား (၁) စီးအား လုံးဝဖျက်ဆီးနိုင်ခဲ့သည်။ ထို့ပြင် PDF (မန္တလေး)မှ တစ်ဦးလည်း သေဆုံးခဲ့သည်။

This image has an empty alt attribute; its file name is photo_2023-09-12_14-34-32-2-1024x768.jpg

ထို့နောက် ၂၀၂၃ ခုနှစ် သြဂုတ် ၄ ရက်တွင် PDF (မန္တလေး) နှင့် မဟာမိတ်တပ်များသည် နောင်ချိုအနီးတစ်နေရာတွင် စစ်ယာဥ်တန်းအား ခြုံခိုတိုက်ပွဲ ဆင်နွှဲခဲ့သည်။ အဆိုပါ ကားပေါ်တွင် ပါလာသော အရာရှိ(၁)ဦးအပါအဝင် လခရ (၁၅) ဦးလုံးအား အသေပစ်ခတ်ချေမှုန်းနိုင်ခဲ့ပြီး လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရရှိခဲ့သည်။ ထိုတိုက်ပွဲတွင် PDF ဘက်မှ ထိခိုက်ကျဆုံးမှု တစ်စုံတစ်ရာ မရှိခဲ့ဟုဆိုသည်။

နောင်ချိုမြို့တွင် ခြုံခိုတိုက်ခိုက်ခံခဲ့ရခြင်းကြောင့် ၂၀၂၃ ခုနှစ် သြဂုတ် ၁၁ ရက်တွင် တပ်မ(၉၉) လက်အောက်ခံ တပ်ရင်းတစ်ရင်းမှ အင်အား (၅၀) ခန့်သည် PDF များ ဆုတ်ခွာရာလမ်းကြောင်းသို့ စစ်ကြောင်းထိုးလာခဲ့သည်။ အဆိုပါ စစ်ကြောင်းအား ည ၈ နာရီ ၄၅ မိနစ်အချိန်တွင် ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။ ထိုကြောင့် စစ်ကြောင်းမှ စစ်ကြောင်းမှုးအပါအဝင် ၁၀ ဦးခန့် သေဆုံးပြီး ၆ ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး စစ်ကြောင်းသည် မီးကျည်ဖောက်ပြီး စစ်ကူတောင်းခဲ့ရသည်အထိ ရှိခဲ့ကြောင်း မြေပြင်သတင်းများမှ သိရှိခဲ့ရသည်ဟုဆိုသည်။

This image has an empty alt attribute; its file name is photo_2023-09-12_14-34-32-768x1024.jpg

၂၀၂၃ ခုနှစ် သြဂုတ် ၂၆ ရက် နံနက် ၉ နာရီအချိန်တွင် PDF များ နေရာယူထားသောနေရာသို့ လခရတပ်များ စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ပြန်သည်။ အဆိုပါ တိုက်ပွဲသည် ညနေ ၄ နာရီအချိန်ထိ ကြာမြင့်စွာ ပြင်းထန်ခဲ့ပြီး လခရဘက်မှ (၇)ဦး ကျဆုံးခဲ့ကြောင်း ထောက်လှမ်း သိရှိရသည်ဟု ပြောသည်။

ထို့ပြင် ၂၀၂၃ ခုနှစ် စက်တင်ဘာ ၆ ရက် ညဦးပိုင်းအချိန်တွင် လခရစစ်ကြောင်းသည် PDF များ ရှိရာသို့ တိတ်တဆိတ်ချဥ်းကပ်လာပြီး ဝိုင်းပတ်ပိတ်ဆို့ရန် ကြိုးစားခဲ့သည်။ အဆိုပါ စစ်ကြောင်းအား PDF ပူးပေါင်းအဖွဲ့က တန်ပြန်ပိတ်ဆို့ခဲ့ရာ စက်တင်ဘာ ၇ ရက် နံနက် ၇ နာရီခွဲအချိန်မှစ၍ တိုက်ပွဲဖြစ်ပွားခဲ့သည်။ လခရဘက်မှ လက်နက်ကြီးပစ်ကူများစွာဖြင့် တိုက်ခိုက်ခဲ့ပြီး PDF ဘက်မှလည်း ဒရုန်းများဖြင့် တန်ပြန်ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။ အဆိုပါ တိုက်ပွဲတွင် မြေပြင်တိုက်ပွဲကြောင့် လခရ ၆ ဦး မျက်မြင်သေဆုံးခဲ့ပြီး ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လခရ ၃ ဦး ကျဆုံးခဲ့ကာ ဒဏ်ရာအများအပြား ရရှိကြောင်း သိရှိခဲ့ရသည်ဟုဆိုသည်။

This image has an empty alt attribute; its file name is photo_2023-09-12_14-34-33-1024x488.jpg

၂၀၂၃ ခုနှစ် စက်တင်ဘာ ၈ ရက်တွင် ပြင်ဦးလွင်-မိုးကုတ်လမ်းပိုင်းပေါ်ရှိ တောင်နီကျေးရွာအနီး တာဝါတိုင်ကုန်းတွင် စစ်ကြောင်းရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် PDF ဘက်မှ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်အချိန်၌ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ ၄ နာရီခွဲအချိန်တွင် အဆိုပါတာဝါတိုင်ကုန်းအား အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပြီး အဆိုပါ တိုက်ပွဲတွင် လခရ ၁၃ ဦး ကျဆုံးကြောင်း မျက်မြင်အတည်ပြုနိုင်ခဲ့ကာ ပြင်းထန်စွာ ဒဏ်ရာရရှိသော လခရ ၆ ဦးအား မိုးကုတ်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း ထောက်လှမ်းသိရှိရပြီး PDF ဘက်မှ တစ်ဦးသေခဲ့သည်။

ထို့နောက် ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၀ ရက် ညနေ ၃ နာရီခွဲအချိန်တွင် PDF များရှိရာသို့ စစ်ကြောင်းများ ပြန်လည်ထိုးစစ်ဆင်လာသဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ပြန်သည်။ လခရဘက်မှ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့ပြီး PDF ဘက်မှ ဒရုန်းများဖြင့် တန်ပြန်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တိုက်ပွဲများ ဆက်လက်ပြင်းထန်ခဲ့သည်။ မြေပြင်တိုက်ပွဲကြောင့် လခရဘက်မှ ဒု-စစ်ကြောင်းမှုး အပါအဝင် (၃)ဦး ကျဆုံးကြောင်း မျက်မြင်အတည်ပြုနိုင်ခဲ့ပြီး ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် ရန်သူကျဆုံးမှုများရှိခဲ့ကြောင်း သိရှိရသော်လည်း အသေးစိတ်ကိုမူ ဆက်လက်ထောက်လှမ်းနေဆဲဖြစ်သည်ဟု ဆိုသည်။

This image has an empty alt attribute; its file name is photo_2023-09-12_14-34-34-1024x768.jpg

PDF မန္တလေး ဖော်ဆောင်နေသော “ ကနောင် စစ်ဆင်ရေး ” သည် ပြီးဆုံးခြင်းမရှိသေးဘဲ လက်ရှိတွင်လည်း လခရတပ်များဖြစ်သည့် တပ်မ (၉၉) ၊ တပ်(၁၀၁) လက်အောက်ခံ (ခလရ ၂၅၂၊ ခလရ ၂၅၇) နှင့် စကခ-၁ လက်အောက်ခံ ခမရ (၅၀၂) တို့မှ အင်အား (၄၀၀) ဝန်းကျင်ခန့်ဖြင့် ထိပ်တိုက်ဆိုင်ထားကာ စစ်ရေးတင်းမာလျှက်ရှိသည်ဟုလည်း ဖော်ပြထားသည်။

PDF များအနေဖြင့် ထိပ်တိုက် တိုက်ပွဲများတွင် တစ်ဖက်ရန်သူကျဆုံးမှုများအား အလွန်အကျွံပိုပြောပြီး PDF သေဆုံးမှုများကို ဖုံးကွယ်ထားသဖြင့် အဆိုပါ ကနောင်စစ်ဆင်ရေးကာလအတွင်း လခရ ၇၈ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရသော်လည်း PDF နှင့် TNLA ဘက်မှ နှစ်ဦးသာသေဆုံးပြီး ၁၀ ဦးသာ ဒဏ်ရာရသည်ဆိုသည့်အချက်များကို အတည်ပြုနိုင်ခြင်းမရှိဘဲ ထုတ်ပြန်သတင်းသာ ဖော်ပြခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *