၁. ၉. ၂၀၂၃

Written by Min Mahar

မန္တ​လေးတိုင်း​ကျန်းမာ​ရေးဦးစီးဌာနရုံးကို အမည်မသိ အမျိုးသား ၂ ဦးမှ လက်ပစ်ဗုံး ၂ လုံးဖြင့် ယမန်နေ့ နေ့လည်ပိုင်းက ပစ်ပေါက်ခဲ့ရာ ပေါက်ကွဲမှုဖြစ်ပွားပြီး ကျန်းမာ​ရေးဝန်ထမ်း အမျိုးသမီး ၅ ဦးဒဏ်ရာရရှိသွားကြောင်း မြို့ခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ဩဂုတ် ၃၁ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က မန္တလေး တိုင်းဒေသကြီး၊ ချမ်း​အေးသာစံမြို့နယ်၊ ပတ်ကုန်းဝန်းကျင်ရပ်ကွက်ရှိ မန္တ​လေးတိုင်း​ဒေသကြီး ကျန်းမာ​ရေးဦးစီးဌာနရုံးကို အမည်မသိအမျိုးသား ၂ ဦးသည် ရုပ်ဆိုးဆိုင်ကယ်ဖြင့် ဝင်​ရောက်လာပြီး တိုင်းကျန်းမာ​ရေးဉီးစီးဌာနရုံး၏ ဆင်ဝင်​အောက်ကို လက်ပစ်ဗုံး ၁ လုံးဖြင့်လည်းကောင်း၊ ဆင်​အောက်၏ အ​နောက်ဘက်ကပ်လျက်ရှိ ဝင်စာ/ထွက်စာအခန်းအတွင်းသို့ လက်ပစ်ဗုံး ၁ လုံးတို့ဖြင့် ဝင်​ရောက် ပစ်ခတ်ခဲ့ရာ ​ပေါက်ကွဲမှုဖြစ်ပွားကာ ကျန်းမာ​ရေးဝန်ထမ်းအမျိုးသမီး ၅ ဦးဒဏ်ရာများရရှိသွားပြီး ၎င်းဗုံးလာပစ်သွားသူနှစ်ဦးသည် လမ်း ၇၀ အတိုင်း​တောင်ဘက်သို့​မောင်းနှင်ထွက်​ပြေးသွားကြောင်း သိရသည်။

အဆိုပါပေါက်ကွဲမှုကြောင့် အသက် ၅၄ နှစ်အရွယ် လက်​ထောက်ညွှန်ကြား​ရေးမှူးသည် ဦး​ခေါင်းကိုဗုံးစထိမှန်သွားသောဒဏ်ရာ(စိုးရိမ်ရ)၊ အသက် ၆၄ နှစ်အရွယ် ရုပ်သံကျွမ်းကျင် ၄ တွင် ဝဲ/ယာ ပေါင်၊ ​ခြေသလုံး ဗုံးစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)၊ အသက် ၂၁ နှစ်အရွယ် နေ့စားဝန်ထမ်းတွင် ဝဲ/ယာခြေ​ထောက်နှင့် ​ခြေဖဝါးတို့၌ ဗုံးစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)၊ အသက် ၄၉ နှစ်အရွယ် ရုံးအကူဝန်ထမ်းတွင် ဝဲ​ဘက်ပေါင်နှင့်ဒူး ဗုံးစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)၊ ​အသက် ၅၉ နှစ်အရွယ် ရုံးအကူတွင် ဝဲ​ဘက်ခြေဖဝါးကို ဗုံးစထိမှန်(မစိုးရိမ်ရ)ဒဏ်ရာများ ရရှိခဲ့သဖြင့် ရုံးမော်တော်ယဥ်ဖြင့် မန္တ​လေးပြည်သူ့​ဆေးရုံးကြီးသို့ ပို့​ဆောင်ခဲ့ကာ ဆေးကုသမှုခံယူနေကြောင်း သိရသည်။

ယခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဩဂုတ် ၈ ရက်အထိ PDF များ၏ တိုက်ခိုက်မှုကြောင့် ကျန်းမာရေးနယ်ပယ်မှာ ၂၃၁ ကြိမ်အထိ ဒရုန်းများ၊ အမြောက်များဖြင့် တိုက်ခိုက်ခံထားရသလို ကျန်းမာရေးဝန်ထမ်း ၂၄ အထက်သေဆုံးထားပြီး ၁၃ ဦးဒဏ်ရာရကာ ၅ ဦး ပြန်ပေးဆွဲခံထားရသည်ဟု ဆွတ်ဇာလန်နိုင်ငံအခြေဆို Insecurity Insight အဖွဲ့က ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *