၁.၉. ၂၀၂၃
Written by Nay Moe

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြိုနယ်၊ ပခုက္ကူ- ရေစကြို ကားလမ်းပေါ်တွင် ဩဂုတ် ၃၁ ရက် ညနေ ၅ နာရီခွဲအချိန်ခန့်က ဆောက်လုပ်ရေးလုပ်ငန်းရှင်အမျိုးသမီးတစ်ဦး၊ အင်ဂျင်နီယာအမျိုးသမီးတစ်ဦးနှင့် ဆောက်လုပ်ရေးလုပ်သားသုံးဦးပါဝင်သော ကားတစ်စီးအား ပစ်ခတ်သတ်ဖြတ်လုယက်မှုဖြစ်ပွားခဲ့သည်ဟု ကနဦးသတင်းများအရ သိရသည်။

“ဖြစ်စဉ်ဖြစ်သွားတာက မှန်ပါတယ်။ အစိုးရကျောင်းတွေဆောက်ပေးနေလို့ PDF တွေက သတ်သွားတယ်လို့ ယူဆရတယ်။ စာရွက်စာတမ်းတွေ၊ ငွေကြေးတွေ၊ ဖုန်းတွေလည်း ရှာဖွေလုယက်သွားတာ တွေ့ရတယ်။ သတ်ဖြတ် လုယက်ခံရတာဖြစ်ပေမဲ့ ဘယ်လောက်အထိ ပါသွားတယ်ဆိုတာတော့ မသိရသေးလို့ စုံစမ်းစစ်ဆေးနေဆဲပါ” ဟု လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက MT News သို့ ပြောသည်။

This image has an empty alt attribute; its file name is 373653965_171707959280020_6081740216373343079_n.jpg

ဖြစ်စဉ်မှာ ဩဂုတ် ၃၁ ရက် ညနေ ၅ နာရီခွဲခန့်အချိန်တွင် ရေစကြိုမြို့ပေါ် အမှတ်( ၄) ရပ်ကွက်တွင် ဆောက်လုပ်နေသည့် ကျောင်းဆောင်သစ်ကို သွားရောက်စစ်ဆေးပြီး ပြန်လာသည့် 1P/83.. အဖြူရောင် Toyota Hilux Vigo ယာဉ်မှာ ပခုက္ကူ- ရေစကြိုကားလမ်းပေါ် ကံသစ်နှင့် ကြီးကန်ရွာကြားတွင် လက်နက်ငယ်များဖြင့် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ပြီး ယာဥ်ပေါ်ပါလာသူ ငါးဦးစလုံး သေဆုံးခဲ့ရသည်ဟု သိရသည်။

တယ်လီဂရန် သတင်းများတွင် ဖော်ပြမှုအရ အဆိုပါ တိုက်ခိုက်ခံရမှုတွင် သေဆုံးခဲ့သူများမှာ မြန်မာလျှံလင်းအောင်ကုမ္ပဏီနှင့် ရဲရင့်အားမာန်ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဒေါ်အေးအေးအောင်၊ ဆိုတ်အင်ဂျင်နီယာ ဒေါ်ခိုင်နွယ်လင်းနှင့် ဆောက်လုပ်ရေးလုပ်သားသုံးဦး(စုံစမ်းဆဲ)တို့ဖြစ်ပြီး PDF အဖွဲ့ဝင်များမှ အဆိုပါယာဉ်အား လက်နက်ငယ်များဖြင့် ချောင်းမြောင်းပစ်ခတ်ခဲ့မှုကြောင့် ဒေါ်အေးအေးအောင်တွင် နောက်စေ့ဖောက်ဝင်ဒဏ်ရာ၊ ဝဲလက်မောင်း/ ယာပေါင်/ ယာလက်မောင်း ဖောက်ဝင်ဒဏ်ရာ၊ ဒေါ်ခိုင်နွယ်လင်းတွင် မျက်နှာဝဲဘက် ပွင့်ထွက်ဒဏ်ရာ၊ အသက် (၂၅)နှစ်ခန့်အရွယ်ခန့် ကျားအလောင်းတွင် ယာရင်ဘတ် ကျည်ဖောက်ဝင် (၂)ချက်၊ ဝဲလည်ပင်း ဖောက်ဝင်ဒဏ်ရာ (၂)ချက်၊ နောက်ကျောဖောက်ထွက်ဒဏ်ရာ (၂)ချက်၊ အသက် (၂၇)နှစ်ခန့်အရွယ် ကျားအလောင်းတွင် ယာပါး/ ဝဲလည်ပင်း/ ယာလက်မောင်း ဖောက်ဝင်ဒဏ်ရာ၊ အသက် (၃၅)နှစ်ခန့်အရွယ် ကျားအလောင်းတွင် ယာနားထင် ပွင့်ထွက်၊ ယာလက်မောင်း ဖောက်ဝင် ဒဏ်ရာစသည့် ဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း သိရသည်။

This image has an empty alt attribute; its file name is 374424219_171707922613357_8320969946621977321_n.jpg

ထိုဖြစ်စဉ်နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဩဂုတ် ၃၁ ရက် ည (၈)နာရီ မိနစ်(၅၀) အချိန်ခန့်တွင် ရောက်ရှိခဲ့စစ်ဆေးခဲ့ပြီး အဆိုပါ အလောင်း (၅)လောင်းအား ရေစကြိုပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းလည်း သိရသည်။ MT သတင်းဌာနအနေဖြင့် အဆိုပါဖြစ်စဉ်အပေါ် ဆက်လက်မေးမြန်းစုံစမ်းနေပြီး ထပ်မံသိရှိရသည်များကို ဖော်ပြပေးသွားမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *