MT News

Written by Tha Doe

ပြည်တွင်း ရွှေစျေးနှင့် ဒေါ်လာစျေး တပြိုင်နက်ကျဆင်းစပြုလာပြီး ပြည်တွင်းရွှေစျေး ၃၁ သိန်းအောက် ကျဆင်းကာ ဒေါ်လာစျေးမှာလည်း တစ်ဒေါ်လာ ကျပ် ၃၅၀၀ ခန့်အထိ ကျဆင်းလာကြောင်း စက်တင်ဘာ ၁၂ ရက်တွင်ဖြစ်ပေါ်ခဲ့သည့် ရွှေနှင့် ဒေါ်လာစျေးကွက်အတွင်းမှ စုံစမ်းသိရသည်။

ပြည်တွင်းရွှေစျေးကွက်အတွင်း စံချိန်တင်အဖြစ် ရွှေတစ်ကျပ်သား ကျပ် ၃၈ သိန်းအထိ ဖြစ်ပေါ်လာပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတ္ထုတွင်းဝန်ကြီးဌာနက စက်တင်ဘာ ၅ ရက်မှ စတင်ကာ ရွှေဒင်္ဂါးပြားများ ရောင်းချပေးခဲ့သဖြင့် ပြည်တွင်းရွှေစျေးနှုန်းမှာ ကျပ် ၃၁ သိန်းဝန်းကျင်၌ အတက်အဆင်း ဖြစ်ပေါ်နေခဲ့သည်။

စက်တင်ဘာ ၅ ရက်တွင် SAC က ရွှေတစ်ကျပ် ကျပ် ၂၉ သိန်းခွဲဖြင့် ရောင်းချပေးခဲ့ရာ ပြည်တွင်းရွှေစျေးကွက်တွင် ရွှေတစ်ကျပ်သားလျှင် ကျပ် ၃၀၅၀၀၀၀ နှင့် ကျပ် ၃၁ သိန်းအကြား အတက်အဆင်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီးနောက် စက်တင်ဘာ ၆ ရက်တွင် SAC က ကျပ် ၂၈ သိန်းခွဲဖြင့် ရောင်းချခဲ့သဖြင့် ပြည်တွင်းရွှေစျေးကွက်အတွင်း ကျပ် ၃၁၁၀၀၀၀ ခန့်ဖြင့် အရောင်းအဝယ်ဖြစ်ပေါ်ခဲ့သည်။ စက်တင်ဘာ ၇ ရက်တွင် အဖွင့်စျေးတွင် ရွှေတစ်ကျပ်သား ၃၁၃၀၀၀၀ ခန့်ဖြင့် အရောင်းအဝယ်ဖြစ်ပေါ်ခဲ့ပြီး ညနေစျေးတွင် ကျပ် ၃၁ သိန်းဖြစ်ပေါ်ခဲ့သည်။ စက်တင်ဘာ ၈ ရက်အဖွင့်စျေးတွင် ရွှေတစ်ကျပ်သား ၃၁၁၀၀၀၀ ခန့်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ညနေစျေးတွင် ၃၁ သိန်းခွဲသို့ မြင့်တက်ခဲ့သည်။ စက်တင်ဘာ ၉ ရက်အဖွင့်စျေးတွင်မူ ကျပ် ၃၁၈၀၀၀၀ ခန့်မြင့်တက်လာခဲ့သည်။ ထိုနောက် စက်တင်ဘာ ၁၂ ရက်အဖွင့်စျေးတွင် ရွှေတစ်ကျပ်သား ၃၀၈၀၀၀၀ ဖြင့် စျေးဖွင့်ခဲ့ပြီး ညနေပိုင်းတွင် ၃၀၉၀၀၀၀ ခန့်ဖြစ်ပေါ်ခဲ့သည်။

ထို့ပြင် ယခင်ရက်များက တစ်ဒေါ်လာ ကျပ် ၃၆၀၀ ဝန်းကျင်ဖြင့် တည်ငြိမ်နေသည့် ဒေါ်လာစျေးမှာလည်း တစ်ဒေါ်လာ ၃၅၀၀ ကျပ်သို့ ကျဆင်းခဲ့သည်။ ကမ္ဘာ့ရွှေစျေးမှာမူ ၁ အောင်စလျှင် အဖွင့်စျေး ၁၇၁၃ ဒေါ်လာသို့ ကျဆင်းခဲ့ပြီး ညနေပိုင်းတွင် ၁၇၂၄ ဒေါ်လာသို့ ပြန်တက်ခဲ့သည်။

ထိုသို့ ပြည်တွင်းရွှေစျေး ကျပ် ၃၁ သိန်းဝန်းကျင်အောက်နှင့် တစ်ဒေါ်လာ ကျပ် ၃၅၀၀ ဝန်းကျင် ကျဆင်းနေချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်အသင်း၏ စက်တင်ဘာ ၁၂ ရက် ရည်ညွှန်းရွှေစျေးနှုန်းမှာ ရွှေတစ်ကျပ်သား ၂၀၁၇၀၀၀ နှင့် တစ်ဒေါ်လာ ကျပ် ၂၁၀၀ အဖြစ် သတ်မှတ်ဖော်ပြခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *