MT News

Written by Tha Doe

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့်လွတ်လပ်ရေးနေ့သည် စိန်ရတုနှစ်နှင့်တိုက်ဆိုင်နေသည့်အတွက် လွတ်လပ်ရေးနေ့ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုက မြန်မာနိုင်ငံ သဘင်အစည်းအရုံး(ဗဟို) ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် တွေ့ဆုံစဥ် ဆွေးနွေးပြောကြားသည်။

စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသည့် အစီအစဉ်တစ်ခုအဖြစ် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ အနုပညာရှင်များ ပါဝင် တင်ဆက်သည့် ပဒေသာကပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပဒေသာကပွဲ ကျင်းပရေးဦးစီးကော်မတီကို ဖွဲ့စည်းထားပြီး ဖြစ်ပြီး အဆိုပါဖျော်ဖြေပွဲတွင် သဘင်အစည်းအရုံးအနေဖြင့် ဖျော်ဖြေမည့် အစီအစဉ်များကို အသေးစိတ်ဆွေးနွေး ညှိနှိုင်းရန်အတွက် တွေ့ဆုံခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ဖျော်ဖြေရေးအစီအစဉ် (မူကြမ်း)ကို ရေးဆွဲပြီးပါက ပဒေသာကပွဲ ပြုလုပ်မည့် နေပြည်တော်၊ စည်ပင်သာယာရေး ကော်မတီ လဟာပြင်ဇာတ်ရုံသို့ မျက်မြင်ကြည့်ရှုရန်လိုအပ်ပြီး ထိုသို့ ကြည့်ရှုမှသာ ဇာတ်ရုံနှင့် လိုက်လျောညီထွေမည့် မီး၊ အသံ၊ ဆက်တင်၊ ကားချပ်များကို ဖန်တီးနိုင်မည်ဖြစ်ကြောင်း၊ လိုအပ်သောဖျော်ဖြေရေး အထောက်အကူပြု မီး၊ အသံ၊ ဆက်တင် ပစ္စည်းများကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက တတ်နိုင်သမျှ ပံ့ပိုးကူညီပေးမည် ဖြစ်ကြောင်း ဦးစွာဆွေးနွေး ပြောကြားခဲ့သည် ။

အဆိုပါအခြေအနေအပေါ် မြန်မာနိုင်ငံသဘင်အစည်းအရုံး ဗဟိုဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြစေလိုကြောင်းနှင့် အနုပညာဆိုင်ရာ ဘွဲ့ထူး ဂုဏ်ထူးများကို သေချာစွာ စိစစ်၍ အမှန်တကယ် အရည်အချင်းရှိပြီး ထိုက်တန်သူကို နိုင်ငံတော်သို့ တင်ပြသွားမည် ဖြစ်ကြောင်း ၊ နတ်ကတော်၊ အပျိုတော်နှင့် နတ်ချင်းသမိုင်းများကိုလည်း အသက်အရွယ်ကြီးရင့်သည့် ပညာရှင်ကြီးများထံမှ မှတ်တမ်းများ ရယူသွားရန် လိုအပ်ကြောင်း ပြောကြားသည် ။

Leave a Reply

Your email address will not be published. Required fields are marked *

Related News