၃၁. ၈. ၂၀၂၃

Written by Tha Doe

အောင်ဘာလေသိန်းဆုထီနှင့် အွန်လိုင်းထီတို့အား ၅၅ ကြိမ်မြောက်မှစ၍ သီးခြားစီဖွင့်လှစ်မည်ဖြစ်ပြီး ရောင်းချရငွေအသီးသီး၏ ၇၀ ရာခိုင်နှုန်းကို ဆုငွေအဖြစ် ပြန်လည်ချီးမြှင့်မည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက သိရသည်။

အောင်ဘာလေသိန်းဆုထီစနစ်အတွက် အွန်လိုင်းထီစနစ်ကိုပါ စတင်ရောင်းချခဲ့စဥ်က နှစ်ခုပေါင်းရောင်းရငွေ၏ ၇၀ ရာခိုင်နှုန်းကို အမြင့်ဆုံး ကျပ် သိန်း ၅၀၀၀ မှ စတင်ကာ ဆုချီးမြှင့်ခဲ့ရာမှ လာမည့် အောက်တိုဘာ ၁ ရက်တွင် ဖွင့်လှစ်မည့် ၅၅ ကြိမ်မြောက် အောင်ဘာလေသိန်းဆုထီစနစ်မှစတင်ကာ အောင်ဘာလေ သိန်းဆုထီစနစ်အတွက် သီးခြားထီဖွင့်ခြင်းနှင့် အွန်လိုင်းထီစနစ်အတွက် သီးခြားထီဖွင့်၍ သီးခြားစီဆုမဲချီးမြှင့်မည်ဖြစ်သည်။

ထို့အတွက် ၅၅ ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆုထီ အတွက် “က အက္ခရာမှ ည အက္ခရာအထိ(ဂဏန်း ၁ထိပ်စီးမှစ၍ ဂဏန်း ၉ ထိပ်စီးအထိ အပါအဝင်) ၇၅ ရာခိုင်နှုန်းဖြစ်သော ထီလက်မှတ်စောင်ရေ ၆၇၅၀၀၄၀ စောင်အား စက်တင်ဘာ ၁ ရက်နေ့မှ စတင်ရောင်းချပေးသွားမည်ဖြစ်သည်။ အောင်ဘာလေသိန်းဆုထီလက်မှတ်များ ရောင်းချရငွေစုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းကို ဆုမဲအဖြစ် ပြန်လည်ခွဲဝေချီးမြှင့်ပေးမည် ဖြစ်သည်။

ထို့အတူ ၅၅ ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေအွန်လိုင်းသိန်းဆုထီအတွက် “က အက္ခရာမှ ည အက္ခရာအထိ (ဂဏန်း ၁ ထိပ်စီးမှစ၍ ဂဏန်း ၉ ထိပ်စီးအထိ အပါအဝင်) ကျန် ၂၅ ရာခိုင်နှုန်းဖြစ်သော ထီလက်မှတ်စောင်ရေ ၂၂၄၉၉၄ဝ စောင်ကိုလည်း စက်တင်ဘာ ၁ ရက်နေ့မှ စတင်ရောင်းချသွားမည်ဖြစ်ပြီး ရောင်းချရငွေစုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းကို ဆုမဲအဖြစ် ပြန်လည်ခွဲဝေချီးမြှင့်ပေးမည် ဖြစ်သည်။

၅၅ ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆုထီဖွင့်ပွဲကို အောက်တိုဘာ ၁ ရက် နံနက် ၈ နာရီအချိန်တွင်လည်းကောင်း၊ ၅၅ ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေအွန်လိုင်းသိန်းဆုထီဖွင့်ပွဲကို အောက်တိုဘာ ၁ ရက် နံနက် ၁၀ နာရီအချိန်တွင်လည်းကောင်း အောင်ဘာလေသိန်းဆုဌာနခွဲ ထီဖွင့်ပွဲခန်းမ၌ သီးခြားစီဖွင့်လှစ်၍ ထီဆုမဲများကိုလည်းသီးခြားစီခွဲ၍ ချီးမြှင့်ပေးသွားမည်ဖြစ်ပြီး ထီထိုးလိုသူမိဘပြည်သူများအနေဖြင့် ကြိုက်နှစ်သက်ရာ ရွေးချယ်ပြီး ထီထိုးနိုင်မည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News