၃၁. ၈. ၂၀၂၃
Written by Peya

ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၊ မြောင်းကြီးလမ်းတွင် အိမ်သို့ မကြာခဏ ဝင်ထွက်လေ့ရှိသူ ဆိုက္ကားဆရာက အိမ်ရှင်အမျိုးသမီးကို သ-တ်ကာ ရွှေထည်များ ယူဆောင်သည့်ဖြစ်စဉ် ဖြစ်ပွားပြီး တရားခံကို ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့ နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

ထိုဖြစ်စဥ်မှာ ယမန်နေ့ ဩဂုတ် ၃၀ ရက်က မြောင်းကြီးလမ်း၊ ခြောက်လွှာရှိ လူနေတိုက်ခန်းတွင် အဆိုပါ ဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

“ဖြစ်စဉ် ဖြစ်တာက မှန်ပါတယ်။ ဆိုက္ကားသမားက အခင်းဖြစ်နေရာနဲ့ အဆက်အစပ် ရှိတာပေါ့။ စျေးဝယ်ပေးတာမျိုးလိုလည်း ဖြစ်မယ်။ အိမ်အနေအထားကို သူက သိနေတာ။ ယောကျာ်းမရှိတုန်း သူက လာပြီးတော့ အသက် ၃၂ နှစ်အရွယ် အမျိုးသမီးကို လည်ပင်းလှီးသ-တ်တယ်။ ပြီးတော့ ရွှေတွေ ယူသွားတာ” ဟု အထက်ပါ နီးစပ်သူက ဆိုသည်။

လူသ-တ်ကာ ရွှေထည်များကို ယူသွားပြီးနောက် ရွှေဆိုင်တစ်ဆိုင်သို့ သွားရောက်ရောင်းချရာ ပစ္စည်းတွင် သွေးစ ဟု ယူဆရသော အရာများ တွေ့သောကြောင့် ပုဇွန်တောင်ရဲစခန်းကို အကြောင်းကြားရာကတစ်ဆင့် ကျူးလွန်သူကို ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အမျိုးသမီးကလည်း တိုက်ခန်းမှာပဲ ဆုံးသွားပါတယ်။ အခုကတော့ စစ်ဆေးနေတုန်း ကာလဆိုတော့ တရားခံက ဘယ်လို လုပ်သလဲဆိုတာက မသိရသေးဘူး။ ယုံရတယ် ဆိုပြီတော့လည်း အခုကာလမှာ သူစိမ်းကို လွယ်လွယ်မယုံဖို့ သတိပေးချင်တယ်။ အမျိုးသမီးကလည်း အဲ့ဒီမှာ နေတာက သုံးလေးလလောက်ပဲ ရှိသေးတာ” ဟု အထက်ပါ နီးစပ်သူက ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *