MT News
၁.၉. ၂၀၂၃

တစ်နိုင်လုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော PPST အဖွဲ့ဝင် EAO (၅) ဖွဲ့၏ ဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့နှင့် နိုင်ငံတော်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တို့ နေပြည်တော်တွင် (၃) ရက်တာ ဆွေးနွေးပွဲအပြီးတွင် EAO ငါးဖွဲ့က တရားဝင်တည်ရှိနေသည့် NCA ၏ အနှစ်သာရ (၃) ချက်ကို လက်တွေ့ကျကျ အကောင် အထည်ဖော်ရန်နှင့် အခြားအချက်များ ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်လိုက်သည်။

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး၏ ဖိတ်ကြားချက်အရ NCA-S EAO (၅)ဖွဲ့ဖြစ်သော ALP, DKBA, KNU/KNLA PC, LDU နှင့် PNLO ကိုယ်စားလှယ်တို့သည် နေပြည်တော်သို့ ဩဂုတ် ၂၈ ရက်တွင်ရောက်ရှိပြီး ဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ကို ဖွဲ့စည်းခဲ့ကြပါသည်။ ယင်းသို့ ဖွဲ့စည်းပြီးနောက် ယင်းနေ့ ညနေတွင် NSPNC အတွင်းရေးမှူးနှင့်တွေ့ဆုံပြီး ဆွေးနွေးပွဲအစီအစဉ်များကို နှစ်ဖက်ညှိနှိုင်းသတ်မှတ်နိုင်ခဲ့သည်။

ညှိနှိုင်းရရှိသော အစီအစဉ်ကို အစည်းအဝေးပထမရက် ဩဂုတ် ၂၉ ရက် နံနက်တွင် ထပ်မံအတည်ပြုပြီးနောက် အစည်းအဝေးကိုစတင်ခဲ့ရာ နိုင်ငံတော်ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင်များဘက်က ကိစ္စရပ် (၄)ခုကို တင်သွင်းပြီးနောက် အပြန်အလှန်ဆွေးနွေးခဲ့သည်။ ထိုကိစ္စရပ်များတွင် UPDJC နိုင်ငံရေးပါတီများအစုအဖွဲ့နှင့် လေ့လာဆန်းစစ်ရေးအဖွဲ့တို့က အဆိုပြုထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြင်ဆင်လိုသည့် ပုဒ်မများ၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲကျင်းပနိုင်ရေးကိစ္စများနှင့် EAO ဒေသများတွင် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်နိုင်ရေး ကိစ္စရပ်များပါဝင်သည်ဟု သိရသည်။

ဩဂုတ် ၃၀ ဒုတိယနေ့တွင် NCA-S EAO (၅)ဖွဲ့ဘက်မှ လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ ရရှိရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ညှိနှိုင်း အကောင်အထည်ဖော်ရာတွင် NCA-S EAO ကိုယ်စား လှယ်များပါဝင်ခွင့်ရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာတွင် EAO များ လက်တွေ့ကျကျပါဝင်နိုင်ရေး၊ လက်ရှိပြည်တွင်းနိုင်ငံရေးနယ်ပယ်တွင် EAO များ၏အခန်းကဏ္ဍကို မြှင့်တင်နိုင်ရေး၊ EAO များ အချင်းချင်းတွေ့ဆုံဆွေးနွေးခွင့်ရရှိရေးနှင့် လာမည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့တွင် ကျရောက်မည့် (၈) နှစ်မြောက် NCA လက်မှတ်ရေးထိုးခြင်းနှစ်ပတ်လည် အခမ်းအနားကို နိုင်ငံရေး အဓိပ္ပာယ်ပြည့်ဝစွာ ကျင်းပနိုင်ရေး စသည့်အချက်များ ပါဝင်သည်။

သတ်မှတ်အတည်ပြုထားသော အချက်များကို အပြန်အလှန် ညှိနှိုင်းဆွေးနွေးကြပြီးနောက် NCA ၏ အရေးပါမှုအခန်းကဏ္ဍများကိုလည်း သေချာဆွေးနွေးသုံးသပ်ခဲ့ကြသည်။ ထိုသို့ သုံးသပ်ရာတွင် NCA သည် တရားဝင်တည်ရှိနေခြင်း၊ NCA ၏အနှစ်သာရ (၃) ချက်ကို လက်တွေ့ကျကျ အကောင်အထည်ဖော်ရန် လိုအပ်နေခြင်း စသည့် အချက်အလက်များကို အပြန်အလှန် ဆွေးနွေးညှိနှိုင်းနိုင်ခဲ့ကြသည်။

အဆိုပါဆွေးနွေးမှုများအပြင် မကြာမီက ပြင်ဆင်တိုးချဲ့ဖွဲ့စည်းခဲ့သော နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တွင် ဥက္ကဋ္ဌ (၂)ဦး၊ အတွင်းရေးမှူး (၂)ဦး အပါအဝင် နိုင်ငံတော်ကောင်စီဝင်များ တိုးမြင့်ပါဝင်လာခြင်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဘက်မှ “ဆွေးနွေးညှိနှိုင်းအဖြေရှာရေးမူ” အပေါ် ပိုမိုအလေးအနက်ထားလာသည်ဟု ရှုမြင်ကြောင်းနှင့် NCA-S EAO (၅)ဖွဲ့မှသည် NCA လက်မှတ်ရေးထိုးခဲ့ကြသော EAO များအားလုံး စုံညီစွာပါဝင်နိုင်ရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များကို တပေါင်းတစည်းတည်းဆွေးနွေးနိုင်ရေး ကြိုးပမ်းအကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း NCA-S EAO (၅) ဖွဲ့၏ ကိုယ်စားလှယ်များ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *