နိုင်ဂျားနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ် ဆီလ်ဗိန်း အစ်တီ

၁. ၉. ၂၀၂၃
Translated by Htwe Ko Tun

နိုင်ဂျားနိုင်ငံ၏ အာဏာသိမ်းစစ်အစိုးရက နိုင်ငံအတွင်းမှ ၄၈ နာရီအတွင်း ထွက်ခွာရန်အမိန့်ကို ဖီဆန်၍ နိုင်ဂျားနိုင်ငံ၌ပင် ဆက်လက်နေထိုင်လျက်ရှိသော ပြင်သစ်သံအမတ်၏ ပြည်ဝင်ခွင့်ကို ဖျက်သိမ်း၍ ၎င်းအားပြည်နှင်ဒဏ်ပေးရန် ရဲတပ်ဖွဲ့အား ဩဂုတ် ၃၁ ရက်တွင် ညွှန်ကြားခဲ့ကြောင်း သိရသည်။

နိုင်ဂျားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည်ဟုမှတ်ယူရသော ပြည်တွင်းမီဒီယာများက ဖော်ပြသည့်စာတွင် “သက်ဆိုင်ရာပုဂ္ဂိုလ်နှင့် မိသားစုအဖွဲ့ဝင်များ၏ သံတမန်ဆိုင်ရာကတ်ပြားများနှင့် ပြည်ဝင်ခွင့်ဗီဇာများကို ဖျက်သိမ်းလိုက်သည်။ ရဲတပ်ဖွဲ့အနေနှင့် ထိုပြည်နှင်ဒဏ်အတိုင်း ဆက်လက်ဆောင်ရွက်ရမည်” ဟုဖော်ပြခဲ့သည်။

နိုင်ဂျားနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ် ဆီလ်ဗိန်း အစ်တီ က နိုင်ငံမှထွက်ခွာရန်အမိန့်ကို ဖီဆန်ခဲ့သည့်အပြင် ပြင်သစ်အစိုးရကလည်း နိုင်ဂျားနိုင်ငံ၏ အကျိုးစီးပွားကို ထိခိုက်စေသည့် လုပ်ဆောင်မှုများပြုလုပ်နေ၍ဟုဆိုကာ နိုင်ဂျားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြင်သစ်သံအမတ်အားထပ်မံ၍ နှင်ထုတ်ရန်ညွှန်ကြားခဲ့ခြင်းဖြစ်သည်။ နိုင်ဂျားအစိုးရက ဆီလ်ဗိန်း အစ်တီ အနေဖြင့် သံတမန်တစ်ဦး ရသင့်ရထိုက်သော အကျိုးကျေးဇူးများနှင့် ကင်းလွတ်ခွင့်များကို ဆက်လက်ရရှိတော့မည် မဟုတ်ကြောင်းလည်း သတိပေး ပြောကြားခဲ့သည်။

ပြင်သစ်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကမူ ဆီလ်ဗိန်း အစ်တီ အနေဖြင့် နိုင်ဂျားအာဏာသိမ်းအစိုးရ၏ တောင်းဆိုချက်များကို လိုက်လျောမည်မဟုတ်ကြောင်းနှင့် သံတမန်တစ်ဦးအဖြစ် ဆက်ရှိနေမည်ဟု ဩဂုတ် ၃၁ ရက်တွင် ပြောခဲ့သည်။

ပြင်သစ်အစိုးရက နိုင်ဂျားနိုင်ငံ၏ အာဏာသိမ်းစစ်ဘက်ခေါင်းဆောင်များကို အသိအမှတ်မပြုကြောင်း၊ ဖြုတ်ချခံလိုက်ရသော သမ္မတ မိုဟာမက် ဘာဇွန် ကသာ နိုင်ဂျားနိုင်ငံ၏ တရားဝင်ရွေးကောက်တင်မြှောက်ခံရသော ခေါင်းဆောင်ဖြစ်ကြောင်း ဩဂုတ် ၂၅ ရက်တွင် ကြေညာချက်တစ်ရပ် ထုတ်ပြန်ရာ၌ ဖော်ပြခဲ့သေးသည်။

ပြင်သစ်သမ္မတ မက်ခရွန် ကလည်း နိုင်ဂျားအာဏာသိမ်းအစိုးရ၏ သတ်မှတ်ရက် ကျော်လွန်သည့်တိုင် ပြင်သစ်သံအမတ် အစ်တီက နိုင်ဂျားမှ ပြန်လည်ထွက်ခွာမည် မဟုတ်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။

Ref—-CNN

Leave a Reply

Your email address will not be published. Required fields are marked *