၁. ၉. ၂၀၂၃
Written by Ye Kyaw

ပြည်တွင်းဆန်ဈေးနှုန်းတည်ငြိမ်စေပြီး ဈေးနှုန်းထပ်မံမြင့်တက်မှု မရှိစေရေးနှင့် လှောင်လက်များ၏ ဈေးကစားလိုသည့် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်နေခြင်းများအပေါ် ထိန်းကျောင်းနိုင်ရေးတို့အတွက် သိုလှောင်ရုံမှတ်ပုံတင်စနစ် ကျင့်သုံးခြင်းအစီအစဉ်ကို စတင်ကျင့်သုံးနေပြီး ဆန်ပြည်ပတင်ပို့မှုကို ဆိုင်းငံ့ခြင်းမပြုဘဲ ပြည်ပတင်ပို့မည့် ဆန်နှင့် ဆန်ထွက်ပစ္စည်းများကို ကြိုတင်စိစစ်ပြီး ၁၀၀ ရာခိုင်နှုန်းအသင့်ရှိမှသာ ပို့ကုန်လိုင်စင်ခွင့်ပြုသည့် စနစ်ကို စက်တင်ဘာ ၁ ရက်မှ စတင်ကျင့်သုံးသွားမည်ဖြစ်ကြောင်း စီးပွားကူးသန်းဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံသည် ဆန်စပါးကို အဓိကစိုက်ပျိုးထုတ်လုပ်သည့် နိုင်ငံဖြစ်ပြီး တစ်နှစ်လျှင် စပါးတင်း သန်းပေါင်း ၁,၃၀၀ ကျော် နှစ်စဉ်စိုက်ပျိုးထုတ်လုပ်လျှက်ရှိကာ ဆန်တန် ၁၂ ဒသမ ၅ သန်းခန့် ထွက်ရှိသည်။ ထွက်ရှိသော ဆန်များအနက် ပြည်တွင်းစားသုံးမှုအနေဖြင့် တန်ချိန် ၁၀ သန်းခန့်ရှိပြီး ပိုလျှံသည့် ဆန် တန်ချိန် သုံးသန်းခန့်ကို ပြည်ပတင်ပို့ခြင်းဖြင့် နိုင်ငံခြားဝင်ငွေ ရှာဖွေနေခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာမှ သိရသည်။

စာရင်းဇယားအချက်အလက်များအရ ပြည်တွင်းစားသုံးမှု ရာခိုင်နှုန်း ၈၀ နှင့် ပြည်ပတင်ပို့မှု ရာခိုင်နှုန်း ၂၀ ရှိကာ ၂၀၂၂ ခုနှစ် မိုးစပါး စတင်ထွက်ပေါ်သည့် အောက်တိုဘာလမှ ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၈ ရက်အထိ ပြည်ပသို့ ဆန်တန်ချိန် သုည ဒသမ ၉၂၈ သန်း တင်ပို့ထားပြီးဖြစ်သည်။

၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၁ ရက်အထိ ပြည်တွင်း၌ ဆန်လက်ကျန် တန်ချိန် ၃ ဒသမ ၄၄၉ သန်း ကျန်ရှိ၍ မိုးစပါးပေါ်မည့်အချိန် နိုင်ဝင်ဘာလအထိ သုံးလစာ ပြည်တွင်း စားသုံးမှုအတွက် လိုအပ်သည့် တန်ချိန် ၂ ဒသမ ၃၇၁ သန်း နှုတ်ပယ်ပါက ဆန်တန်ချိန် ၁ ဒသမ ၀၇၇ သန်း ကျန်ရှိမည်ဖြစ်သဖြင့် ပြည်ပတင်ပို့မှုကို ပုံမှန်ဆောင်ရွက်နိုင်မည့် အခြေအနေရှိကြောင်း ဖော်ပြထားသည်။

သို့သော်လည်း ယခုနှစ်တွင် ဆန်စပါးလုပ်ငန်းများကို ပုံမှန်လုပ်ကိုင်ဆောင်ရွက်နေသူများ မဟုတ်ဘဲ ငွေများများ လက်ဝယ်ကိုင်ဆောင်ထားသူများက အမြတ်ရရှိရန် ရည်ရွယ်၍ ဆန်စပါးဝယ်ယူသိုလှောင်မှုများ ပြုလုပ်ခဲ့ကြောင်း၊ လက်ရှိအခြေအနေတွင် ပြည်တွင်းဆန်ဈေးနှုန်းကြီးမြင့်အောင် လှောင်လက်များမှ ဖြစ်သင့်ဖြစ်ထိုက်သော အကျိုးအမြတ်ထက် ပိုမိုရရှိရန်ရည်ရွယ်၍ ရောင်းအားထိန်းထားပြီး စပါး၊ ဆန်ဈေးနှုန်းများ မြင့်တက်အောင် လုပ်ဆောင်နေသည့် အခြေအနေဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *