၁. ၉. ၂၀၂၃
Written by Ko Kyaw (Minbu)

မကွေးတိုင်းဒေသကြီးအတွင်း‌ ကျေးလက်ဒေသများ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရန် ယခု ဘဏ္ဍာနှစ်အတွင်း ကျေးလက်တံတားပေါင်း ၃၀ ကို တိုင်းဒေသကြီးရန်ပုံငွေ ကျပ်သန်း ၁၀၀၀ ကျော်ဖြင့် ဆောင်ရွက်ပေးနေကြောင်းကို ကြီးကြပ်ရေးအဖွဲ့ (မကွေးတိုင်း)၊ လမ်းဦးစီးဌာန ညွှန်ကြားရေးမှုးဦးသိန်းစန်းလှိုင်ထံက သိရသည်။

ကျေးလက်တံတားများ ဖောက်လုပ်ပေးရာတွင် ကွန်ကရစ်တံတား၊ ကြိုးတံတား/ဘေလီ/ငုတ်လျှိုးတံတား၊ Box Culvert နှင့် ရေကျော်တံတားနှင့်အခြားလုပ်ငန်းများကို တည်ဆောက်ပေးကြောင်း သိရသည်။

” မကွေးတိုင်းဒေသကြီးအတွင်း လမ်းပန်း ဆက်သွယ်ရေးခက်ခဲနေသော ကျေးလက်ဒေသများတွင် ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးလက်လမ်းလုပ်ငန်းများ၊ ကျေးလက်တံတားလုပ်ငန်းများကို နှစ်စဉ်တိုးမြှင့်ကာဆောင်ရွက်ပေးနေပါတယ်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ကျေးလက်တံတား အစင်း ၃၀ ကို တိုင်းဒေသကြီးရန်ပုံငွေ ၁၀၀၃ ဒသမ၂၀၀ ကျပ်သန်းနဲ့တည်ဆောက်ပေးသွားမှာဖြစ်ပါတယ်”ဟု ညွှန့်ကြားရေးမှုးဦးသိန်းစန်းလှိုင်က ပြောသည်။

ယခုနှစ်အတွင်း မကွေးခရိုင်တွင် Box Culvert(၉)စင်းနှင့်ရေကျော်တံတား(၄)စင်းအား တိုင်းဒေသကြီးရန်ပုံငွေ ၃၄၄ ဒသမ ၇၀၀ ကျပ်သန်း၊ မင်းဘူးခရိုင်တွင် Box Culvert (၃) စင်း၊ ရေကျော်တံတား (၁) စင်းတို့အား တိုင်းဒေသကြီးရန်ပုံငွေ ကျပ် ၁၂၅ သန်း၊ သရက်ခရိုင်တွင် ကွန်ကရစ်တံတား(၄)စင်း၊ Box Culvert (၂)စင်း၊ ရေကျော်တံတား (၆)စင်းနှင့် အခြားလုပ်ငန်း(၁)ခုတို့အား တိုင်းဒေသကြီးရန်ပုံငွေ ကျပ် ၅၃၄ သန်းတို့ဖြင့်တည်ဆောက်နေကြောင်းကို ၎င်းကပြောပြသည်။

မကွေးတိုင်းဒေသကြီးအတွင်းရှိ ကျေးလက်ဒေသများဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ကျေးလက်လမ်းများ၊ကျေးလက်တံတားများ ဖောက်လုပ်ဆောင်ရွက်ပေးရာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ကျေးလက်လမ်း ၄၃ ဒသမ၂၇၇ မိုင်အား တိုင်းဒေသကြီးရန်ပုံငွေ ကျပ် ၄၈၄၂ ဒသမ ၈၀၁ သန်းဖြင့် ဖောက်လုပ်ဆောင်ရွက်ပေးနေကြောင်းကို ကြီးကြပ်ရေးအဖွဲ့(မကွေးတိုင်း)လမ်းဦးစီးဌာနက သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *