၃၁. ၈. ၂၀၂၃
Written by Pan Ei

ဒိန်ခဲ(ချိစ်) ဆိုတာ နို့ကရတဲ့ ပရိုတင်းနဲ့ အဆီတွေပါဝင်ပြီး ကမ္ဘာတစ်ဝန်းက လူအများ နှစ်ခြိုက်စွာ စားသုံးကြတဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ မကြာသေးမီက စပိန်စားသောက်ဆိုင်တစ်ခုဟာ လက်လုပ်ဒိန်ခဲ ၂ ဒသမ၂ ကီလိုဂရမ်(၄ ဒသမ ၈၅ ပေါင်)ရှိတဲ့ချိစ်အပိုင်းအတွက်အမေရိကန်ဒေါ်လာ ၃၂,၈၀၀ (မြန်မာ ငွေကျပ်သိန်း ၁,၀၀၀ နီးပါး) ပေးချေခဲ့ရာမှ ကမ္ဘာ့ဈေးအကြီးဆုံး ချိစ်အဖြစ် စံချိန်သစ် တင်ခဲ့ပါတယ်။

နှစ်စဉ်သြဂုတ်လရဲ့ နောက်ဆုံးအပတ်မှာ စပိန်နိုင်ငံ၊ Las Arenas de Cabrales မြို့၌ Cabrales ချိစ်ရဲ့အကောင်းဆုံးအပိုင်းတွေကို လေလံတင်ရောင်းချတဲ့ ပြိုင်ပွဲတစ်ခုကျင်းပလေ့ရှိပြီး စပိန်နိုင်ငံ၊ Oviedo မြို့က စားသောက်ဆိုင်တစ်ခုဖြစ်တဲ့ Llagar de Colloto ဟာ အခုနှစ်မှာ နွားနို့နဲ့ ဆိတ်နို့တို့ကနေ လက်နဲ့ပြုလုပ်ထားပြီး Los Picos de Europa တောင်က လိုဏ်ဂူတစ်ခုမှာ လပေါင်းများစွာကြာ အချဉ်ဖောက်ထားခဲ့တဲ့ Cabrales ချိစ့်တစ်ပိုင်းအတွက် ယူရို ၃သောင်း (အမေရိကန်ဒေါ်လာ ၃၂,၈၀၀)ပေးပြီး ဝယ်ယူခဲ့တာပါ။

Cabrales ချိစ်ဆိုတာ နွားနို့စိမ်း ဒါမှမဟုတ် နွား၊ သိုး နဲ့ ဆိတ်နို့ စတာတွေထဲက နှစ်မျိုး ဒါမှမဟုတ် သုံးမျိုးရောစပ်ထားတဲ့ သဘာဝဒိန်ခဲဖြစ်ပြီး Picos de Europa တောင်တန်းဒေသက သဘာဝဂူ တွေထဲမှာ လပေါင်းများစွာ အချဉ်ဖောက်ထားပြီး စိုစွတ်တဲ့ အခြေအနေတွေမှာ ပင်နီဆီလင်လိုမျိုး မှိုတွေ ပေါက်ဖွားစေကာ ချိစ်မှာ စိမ်းပြာရောင်အစင်းကြောင်းတွေနဲ့ အစက်အပြောက်တွေ ပေါ်လာစေတာပါ။

Los Puertos ချိစ်စက်ရုံက ထုတ်လုပ်ခဲ့ပြီး ကမ္ဘာစံချိန်တင်ခဲ့တဲ့ အဲ့ဒီ ၂ ဒသမ ၂ ကီလိုဂရမ်ရှိတဲ့ ချိစ် တစ်စိတ်ကို ပြိုင်ပွဲက ဒိုင်လူကြီးတွေက အကောင်းဆုံးအဖြစ် သတ်မှတ်ခဲ့တာလည်းဖြစ်ပါတယ်။

Cabrales ဒိန်ခဲဟာ စပိန်နဲ့ပြည်ပနိုင်ငံတွေမှာပါ ရေပန်းစားနေပြီး ပြီးခဲ့တဲ့နှစ်က ဥရောပကနိုင်ငံတွေထဲမှာတင် ၆၆,၂၂၆ ကီလိုဂရမ် ရောင်းချခဲ့ရပြီးဖြစ်ပါတယ်။

Ref; Oddity Central

Leave a Reply

Your email address will not be published. Required fields are marked *