၃၁. ၈. ၂၀၂၃
Written by Nay Moe

ဩဂုတ် ၂၆ ရက်တစ်နေ့တာအတွင်း ကန့်ဘလူမြို့နယ် ငါးမြောင်ကျေးရွာတွင် လူငါးဦးသ-တ်ဖြတ်ခံရမှုအပါအဝင် မြန်မာနိုင်ငံတစ်ဝန်းမှ သာမန်ပြည်သူ ၁၂ ဦးကို PDF များက သ-တ်ဖြတ်မှုဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါဖြစ်စဥ်များမှာ ဩဂုတ် ၂၆ ရက် နံနက် ၅ နာရီ ၅၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ နေပူကုန်းကျေးရွာနှင့် ကုလားကျေးရွာကြား တောတန်းအတွင်း၌ အမျိုးသားနှစ်ဦး ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာတွင် ဝမ်းတွင်းမြို့၊ အောင်မင်္ဂလာရပ်ကွက်နေသူများဖြစ်သည့် ကိုမျိုးအောင်(ခ)ဘာချို ၃၃ နှစ်နှင့် ဦးလှရွှေ ၅၆ နှစ်တို့ နှစ်ဦးအား ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရ၍ စစ်ဆေးနိုင်ရေး ဝမ်းတွင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

This image has an empty alt attribute; its file name is photo_2023-08-31_10-00-20-3-1024x949.jpg

ထို့အတူ ဩဂုတ် ၂၆ ရက် နံနက် ၈ နာရီခွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ငါးမြောင်ကျေးရွာနေ အပြစ်မဲ့ပြည်သူ ငါးဦးအား PDF များက သ-တ်ဖြတ်သွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆးခဲ့ရာ ငါးမြောင်ကျေးရွာနေသူများဖြစ်သည့် ဦးသန်းဝင်း (၆၅)နှစ်၊ ၎င်း၏ညီမ ဒေါ်ခင်စန်းဝင်း (ခ)မပုတို(၅၂)နှစ်၊ ဦးကျော်အေး(၆၃)နှစ်၊ ၎င်း၏ဇနီး ဒေါ်သန်းငွေ (၅၇)နှစ်နှင့် ဒေါ်ကြိုင်(၄၀)နှစ်တို့ ငါးဦးအား ၎င်းတို့၏နေအိမ်များ၌ ထိုးသွင်း၊ ပြတ်ရှ၊ ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် ဖြစ်စဉ်အားစိစစ်ခဲ့ရာ ဩဂုတ်လ ၂၅ ရက် ည ၉ နာရီခွဲခန့်တွင် ငါးမြောင်ကျေးရွာ အတွင်းသို့ PDF ၅၀ ဦးခန့်သည် သေနတ်များပစ်ခတ်ကာ ဝင်ရောက်လာပြီး ဦးသန်းဝင်းပါငါးဦးတို့အား အကြောင်းမဲ့ သ-တ်ဖြတ်ကာ ၎င်းတို့၏နေအိမ်များမှ လက်ကိုင်ဖုန်းနှင့် တန်ဖိုးရှိပစ္စည်းများ (စိစစ်ဆဲ)တို့အား လုယက်ယူဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ နံနက် ၉ နာရီ ၃၅ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ ကွေ့ချောင်းကြီးကျေးရွာနေ ဦးမျိုးဇော်အောင် (၄၀)နှစ်သည် ၎င်း၏နေအိမ်ဈေးဆိုင်၌ ဇနီးဖြစ်သူ မမိုးမိုးနိုင်နှင့်အတူ ရှိနေစဉ် PDF သုံးဦး (စိစစ်ဆဲ)က ဆိုင်ကယ် နှစ်စီးဖြင့် ရောက်ရှိလာပြီး ကွမ်းယာလာဝယ်သဖြင့် မမိုးမိုးနိုင်မှ ကွမ်းယာပေးနေစဉ် အဆိုပါ PDF များက ဦးမျိုးဇော်အောင်အား သေနတ်ဖြင့်ပစ်ခတ်ကာ ထွက်ပြေးသွားခဲ့သဖြင့် ၎င်းတွင် ဦးခေါင်းနောက်စေ့၊ ဝဲဘက်လက်နှင့် ရင်ဘတ်တို့၌ ကျည်ဖောက်ဝင်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း သိရသည်။

This image has an empty alt attribute; its file name is photo_2023-08-31_10-00-20-1024x953.jpg

ယင်းအပြင် မွန်းလွဲ ၁ နာရီ ၂၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ဝန်တင်ကုန်းကျေးရွာအနီး ဆည်တော်ကြီးကျေးရွာသွား ကားလမ်းအနောက်ဘက်၌ အမျိုးသားတစ်ဦး သေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မတ္တရာမြို့နယ်၊ ဝန်တင်ကုန်းကျေးရွာနေ ဦးနေထက်လင်း (၂၉)နှစ်အား ဝမ်းဗိုက်ထိုးသွင်း ဒဏ်ရာနှစ်ချက်၊ ဦးခေါင်းကျည် ဖောက်ဝင်ဒဏ်ရာ နှစ်ချက်တို့ဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရသဖြင့် ဖြစ်စဉ်အားစိစစ်ခဲ့ရာ ၎င်းသည် နေ့လည် ၁၂ နာရီတွင် မိဘများရှိရာ ရေနံ့သာကျေးရွာသို့ သွားစဉ် PDF များက သ-တ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် မွန်းလွဲ ၂ နာရီ ၂၅ မိနစ်တွင် မတ္တရာမြို့နယ်၊ ဈေးဟောင်းကျေးရွာနေ ရာအိမ်မှူး ဦးဘိုဌေး (၆၄)နှစ်သည် ၎င်း၏နေအိမ်အရှေ့၌ ထိုင်နေစဉ် ပြည့်ပုံကျေးရွာဘက်မှ လမ်းလျှောက်လာသည့် PDF သုံးဦး (စိစစ်ဆဲ)က နေအိမ်အတွင်း ဝင်ရောက်လာပြီး ၎င်းအား သေနတ်ဖြင့်ပစ်ခတ်ကာ ဈေးသစ်ကျေးရွာဘက်သို့ ထွက်ပြေးသွားခဲ့သဖြင့် ဦးဘိုဌေးတွင် ဦးခေါင်း၊ ရင်ဘတ်နှင့် ဝဲလက်မောင်းတို့၌ ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဥ်များအပြင် မွန်းလွဲ ၂ နာရီတွင် နွားထိုးကြီးမြို့နယ်၊ အောင်ပန်းကုန်းကျေးရွာနေသူများဖြစ်သည့် မောင်ဝေလင်းဦး (၂၀)နှစ်နှင့် မောင်ခန့်ကိုကိုအောင် (၂၅)နှစ်တို့ နှစ်ဦးသည် နွားထိုးကြီးမြို့မှ ဈေးဝယ်ပြီး အောင်ပန်းကုန်းကျေးရွာသို့ ဆိုင်ကယ်တစ်စီးဖြင့် နွားထိုးကြီး-မလှိုင်သွားကားလမ်းအတိုင်း ပြန်လည်မောင်းနှင်လာစဉ် မွန်းလွဲ ၂ နာရီ ၅၀ မိနစ်တွင် အောင်သာကျေးရွာနှင့် အောင်ပန်းကုန်းကျေးရွာကြား အရောက် PDF များက “ဒလန်” ဟု စွပ်စွဲပြောဆိုကာ ရိုက်နှက်၍ သေနတ်ဖြင့် ပစ်ခတ်သ-တ်ဖြတ်ခဲ့သဖြင့် မောင်ဝေလင်းဦးနှင့် မောင်ခန့်ကိုကိုအောင်တို့တွင် ဦးခေါင်း၊ မျက်နှာ၊ ဝမ်းဗိုက်နှင့် ခြေထောက်တို့၌ ကျည်ထိမှန်ဒဏ်ရာများ၊ ဝဲလက်ကောက်ဝတ် ကျိုးသည့် ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဥ်များတွင် ကျုးလွန်သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်နေသည်ဟုလည်း ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *