April 28, 2024

“မြန်မာပြည်ရဲ့ မြို့တစ်မြို့မှာ အဓမ္မခိုင်းစေတာတို့ ဘာတို့ကို ရိုက်ထားတဲ့ No more bets ဆိုလား ရုပ်ရှင်ဆိုတာရှိတယ်လေ။ အဲ့ဒီလို ကားမျိုးတွေက Negative ဘက် သွားတာပေါ့”

၃၀.၈.၂၀၂၃
မေးမြန်း – ပီယ

တရုတ်-မြန်မာ-ထိုင်းနယ်စပ်မှာ တရုတ်ရာဇဝတ်ဂိုဏ်းတွေကြောင့် လူကုန်ကူးမှုတွေဖြစ်ပွားနေတာနဲ့ပတ်သက်ပြီး တရုတ်ခရီးသွားတွေက မြန်မာနိုင်ငံကို လာရောက်လည်ပတ်လိုမှုမရှိဖြစ်နေတဲ့ အခြေအနေပါ။ ပြီးခဲ့တဲ့ရက်ပိုင်းမှာ မြန်မာ – တရုတ် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးနဲ့ ဆက်ပြီးဆောင်ရွက်မယ့်လုပ်ငန်းတွေနဲ့ ပတ်သက်လို့ ဆွေးနွေးပွဲတစ်ရပ်ကို နေပြည်တော်မှာလုပ်ခဲ့ပြီး ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နဲ့ ဝန်ကြီးဌာနတာဝန်ရှိသူတွေဟာ မြန်မာ – တရုတ် ချစ်ကြည်ရေးအသင်းအဖွဲ့တွေ၊ တရုတ်နိုင်ငံနဲ့ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူ လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံခဲ့တာပါ။ မြန်မာနိုင်ငံက အခြေအနေတွေနဲ့ ပတ်သက်လို့ တရုတ်ခရီးသွားတွေ စိုးရိမ်နေကြတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့အပေါ် အဲ့ဒီအစည်းအဝေးမှာ ဘာတွေဆွေးနွေးခဲ့သလဲ၊ ဝန်ကြီးဌာနအနေနဲ့ ရှေ့ဆက်ပြီး ဘာတွေဆက်လုပ်သွားမလဲဆိုတာနဲ့ ပတ်သက်လို့ ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇေယျာမျိုးအောင်ကို MT News သတင်းဌာနက ဆက်သွယ်မေးမြန်းထားတာနဲ့ ပတ်သက်ပြီး ကောက်နုတ်ဖော်ပြပေးလိုက်ပါတယ်။

“ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇေယျာမျိုးအောင်နှင့် ဆက်သွယ်မေးမြန်းခြင်း”

မေး ◾️ တရုတ်ခရီးသွားတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံကို ပိုမိုလာရောက်ရေးအတွက် ဝန်ကြီးဌာနတွေက ဘယ်လို စီမံ ဆောင်ရွက်ထားသလဲဆိုတာ သိပါရစေ ခင်ဗျာ။

ဖြေ ◾️ ဝန်ကြီးဌာနအနေနဲ့ကတော့ အခု အားလုံးလည်း သိပြီးသားဖြစ်မှာပါ။ တရုတ်နိုင်ငံအနေနဲ့က သူ့နိုင်ငံသားတွေကို နိုင်ငံပြင်ပ ခရီးသွားလာလို့ရတဲ့ နိုင်ငံတွေ စာရင်းထုတ်ပြန်တာမှာ ကျွန်တော်တို့ မြန်မာနိုင်ငံလည်း ပါတာပေါ့။ မြန်မာနိုင်ငံကို အဖွဲ့လိုက် သွားလို့ရတယ်ဆိုပြီး ပါလာတာပါ။ မြန်မာနိုင်ငံကိုလည်း တရုတ်ခရီးသွားတွေလာလည်တဲ့အခါမှာ အဆင်သင့် ဖြစ်ဖို့ အထူးခရီးသွားတွေကို ကိုင်တွယ်ပြီး ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီတွေနဲ့ခေါပြီး အစည်းအဝေးလုပ်တာဖြစ်ပါတယ်။ ကြိုတင်ပြင်ဆင်ဖို့ပေါ့နော်။ ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်းမှာ တရုတ်ခရီးသွားတွေ ဝင်လာခဲ့လို့ရှိရင် အဆင်ပြေအောင် ဘာတွေ ကြိုတင်ပြင်ဆင်ကြမလဲဆိုတာ ကျွန်တော်တို့ ညှိနှိုင်းတာပေါ့နော်။ ကျွန်တော်တို့က နောက်ပြီးတော့ တရုတ်ခရီး သွားတွေ လာမယ်ဆိုလို့ရှိရင် တရုတ်ပြည်က ဝင်နေတဲ့ လေကြောင်းလိုင်းက ၁၂ လိုင်းလောက် ရှိတာပေါ့။ ခရီးသွားတွေ များလာရင် အဲ့ဒီ လေကြောင်းလိုင်းတွေလည်း များလာမှာဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ဘက်က ကြိုတင်ပြင်ဆင်ရမယ့် ပြင်ဆင်မှုတွေ ဆောင်ရွက်ဖို့၊ နောက်တစ်ခုက တရုတ်ခရီးသွားတွေက အမှန်အတိုင်း ပြောမယ်ဆို ဘာသာစကားအရ မြန်မာနိုင်ငံမှာ တရုတ်စကားပြောတဲ့ ဝန်ဆောင်မှုပေးတာနည်းတော့ တရုတ်ဘာသာစကားသင်တန်းတွေ ပို့ချဖို့၊ နောက် တစ်ခုက တရုတ်ဧည့်သည်တွေကို ဝန်ဆောင်မှုပေးမယ့် ဧည့်လမ်းညွှန်တွေကို ပိုပြီးတော့ မွေးထုတ်ဖို့၊ နောက်တစ်ခုက ခရီးစဉ်ဒေသတွေမှာ ဝန်ဆောင်မှုပေးနေတဲ့သူတွေကလည်း တရုတ်ဘာသာစကားသင်တန်းတွေတက်ဖို့၊ သင်တန်းတွေ ဖွင့်ဖို့ ကျွန် တော်တို့ ဆောင်ရွက်ပေးမယ်ဆိုတာကို ညှိနှိုင်းပြီးတော့ ဆောင်ရွက်မယ်ပေါ့။ နောက်တစ်ခုက တရုတ်ဧည့်လမ်းညွှန်ကလည်း နည်းသေးတော့ ဒါတွေကို ထပ်ပြီးတော့ သင်တန်းတွေ ပေးဖို့ဆိုတာလည်း ရှိတာပေါ့။

မေး ◾️ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ တရုတ်ခရီးသွားတွေ စိတ်ထဲမှာ စိုးရိမ်မှုတွေ ရှိနေတဲ့အပေါ် ဝန်ကြီးဌာနအနေနဲ့ ဘာများ ပြောချင်ပါသလဲ။ စိတ်ချရအောင် ဘယ်လို ပြင်ဆင်ထားပါသလဲ။

ဖြေ ◾️ တချို့မီဒီယာတွေ ဖော်ပြတာပေါ့နော်။ အဲ့ဒီဟာတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိတယ်။ ဒါတွေကလည်း ကျွန်တော်တို့ မြန်မာပြည်မှာတော့ တကယ်တမ်း ဘယ်လိုပြောရမလဲ။ အဓိက ခရီးစဉ်ဒေသတွေမှာ အဲဒီလိုမျိုး မရှိဘူး။ အဓိက ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ ငွေဆောင်၊ ချောင်းသာပေါ့။ တရုတ်လူမျိုးတွေ ကြိုက်တဲ့ ခရီးစဉ်ဒေသတွေပေါ့။ သူတို့ကိုလည်း ပြောတယ်။ ဒီနေရာတွေမှာ အဓိက ပြင်ဆင်ထားပြီးတော့ ဒီ ၁၁ နေရာကို ပြင်ဆင်မယ်။ ၁၁ နေရာက ဘယ်နေရာတွေလဲဆိုတော့ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ ငွေဆောင်၊ ချောင်းသာ၊ ငပလီ၊ ပြင်ဦးလွင်၊ အင်းလေး၊ ကလော၊ ကော့သောင်း၊ တောင်ကြီးနဲ့ နေပြည်တော်ပေါ့။ အဲ့ဒီနေရာတွေမှာ အဓိကထားပြီး အဆင်ပြေအောင်စပြီး ဆောင်ရွက်ကြမယ်ဆိုပြီးတော့ ညှိနှိုင်းတာပါ။ နောက်တစ်ချက်က ငွေကြေးသုံးစွဲတာမှာ တရုတ်လူမျိုးတွေ သုံးတဲ့ Alipay တို့ Wechat Pay တို့က ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လောလောဆယ်မှာ မရှိသေးဘူးပေါ့။ လုပ်လို့မရသေးဘူးပေါ့။ လုပ်လို့မရသေးတော့ ဘယ်လို လုပ်ကြမလဲဆိုတဲ့ဟာတွေ တိုင်ပင်တာတွေလည်း ရှိပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်းမှာ ပြင်ဆင်ရမယ့် ကိစ္စတွေကတော့ ခေါင်းစဉ်လေးခုနဲ့ပေါ့နော် ဆွေးနွေးခဲ့တယ်။

ပထမဆုံးအချက်ကတော့ လူ့စွမ်းအားအရင်းအမြစ်ပေါ့။ ဘာသာစကားတေကိစ္စတွေ ဝန်ဆောင်မှုပေးနေတဲ့သူတွေက တရုတ်ဓလေ့ထုံးစံတွေ နားလည်ဖို့၊ နောက်တစ်ခါ ဧည့်လမ်းညွှန်တွေကို လေ့ကျင့်သင်ကြားပေးဖို့၊ ဧည့်လမ်းညွှန်တွေကလည်း အရည်အချင် ပြည့်မီတဲ့ ဧည့်လမ်းညွှန်တွေ ဖြစ်ဖို့၊ နောက်တစ်ခုက ရိုးရာလက်မှုလုပ်ငန်းတွေမှာ ကိုယ်တိုင်ကိုယ်ကျ ဝင်ပြီးတော့ လေ့လာဖို့ဆိုတဲ့ဟာတွေကို အရေးကြီးတဲ့ Issue အနေနဲ့ စပြီးတော့ ပြင်ဆင်ဖို့ ညှိနှိုင်းပါတယ်။ ဒုတိယကတော့ ခရီးစဥ်ဒေသ စီမံခန့်ခွဲတာပေါ့။ ခရီးစဉ်ဒေသတွေမှာ ဧည့်သည်တွေ သွားတဲ့အခါ တိုတိုပြောရရင် အနိမ့်ဆုံး စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေ နောက်တစ်ခါ Toilet က အစ ကြိုတင်ပြင်ဆင်ဖို့၊ သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းဖြစ်နိုင်အောင် ကြိုတင်ပြင်ဆင်ထားဖို့ ဆိုတာ ညှိနှိုင်းတာ ဖြစ်ပါတယ်။ ခုနက ကျွန်တော်ပြောတဲ့ ငွေချဖို့ ငွေလဲကောင်တာတွေကော ဘယ်လို လုပ်မလဲဆိုတာ ကျွန်တော်တို့ ညှိနှိုင်းတာ ဖြစ်ပါတယ်။

မေး ◾️ တရုတ်ခရီးသွားတွေရဲ့ စိတ်ထဲမှာ စိုးရိမ်မှုနဲ့ ပတ်သက်လို့ ဝန်ကြီးဌာနဘက်က တရုတ်ခရီးသွားတွေ လာအောင် ဘယ်လိုဖိတ်ခေါ်မလဲ သိပါရစေ။

ဖြေ – ကျွန်တော်တို့ကတော့ မြန်မာနိုင်ငံမှာ ရှိတဲ့ အချက်အလက်တွေကို Online ကရော Offline ရော ပေးဖို့၊ နောက်တစ်ခုက Asean China Centre ပေါ့နော်။ အာဆီယံရဲ့အောက်မှာ လုပ်နေတာပေါ့နော်။ အဲ့ဒီအဖွဲ့တွေနဲ့ ပေါင်းပြီးတော့ Familiarisation Trip တွေပေါ့။ သူတို့ဆီက ခရီးသွားဘလော့ဂါတွေ၊ နောက်တစ်ခါ ရုပ်သံလွှင့်သူတွေ၊ Influencer တွေပေါ့။ ဒီလူတွေ အကုန်လုံးကို ဖိတ်ပြီးတော့ Familiarisation Trip တွေ လုပ်ပေးဖို့ အစီအစဉ် ရှိပါတယ်။ Asean China Centre နဲ့လည်း ပူးပေါင်းဆောင်ရွက်နေပါတယ်။ ဒါကတော့ ဒီနှစ်ပိုင်းထဲ ၂၀၂၃ ထဲလုပ်ဖို့ အချိန်ယူရဦးမယ်ဆိုတော့ ကျွန်တော် ထင်ပါတယ် ၂၀၂၄ ခုနှစ်ထဲမှာတော့ ဒီခရီးစဉ်တွေကို စီစဉ်ဖို့ ရှိပါတယ်။ ဒီလူတွေကတစ်ဆင့် အချက်အလက်အမှန်တွေ ပြန်ရောက်ဖို့ပေါ့။ ကျွန်တော်သိနေတာက သတင်းတွေထဲမှာလည်း ဖတ်ရတာက ဟိုရုပ်ရှင်ကားလေ။ မြန်မာပြည်ရဲ့ မြို့တစ်မြို့မှာ အဓမ္မခိုင်းစေတာတို့ ဘာတို့ကို ရိုက်ထားတဲ့ No more bets ဆိုလား ရုပ်ရှင်ရှိတယ် ဆိုတာလေ။ အဲ့ဒီလို ကားမျိုးတွေက Negative ဘက် သွားတာပေါ့။ အရင်တုန်းက ၂၀၁၆-၁၇-၁၈ လောက်တုန်းက တရုတ်က ချင်းမိုင်မှာ သွားရိုက်တဲ့ ဟာသကားလေး ရှိတယ်။ အဲ့ဒီ ဟာသကားလေးကို ကြည့်ပြီးတော့ အရမ်းနာမည်ကြီးသွားတယ်။ ဒါကတော့ Positive Effect ဖြစ်တော့ တရုတ်လူမျိုးတွေက ထိုင်းနိုင်ငံ ချင်းမိုင်ဘက်ကို သွားလည်တဲ့သူတွေ တအားများသွားတာပေါ့။ ကျွန်တော်တို့ကျ ပြောင်းပြန်ပေါ့။ ဒီလိုဖြစ်တော့ ကျွန်တော်တို့ကလည်း ဖြစ်နိုင်သမျှ မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်သံရုံး၊ တရုတ်နိုင်ငံမှာရှိတဲ့ မြန်မာသံရုံး၊ ပြီးတော့ ကောင်စစ်ရုံးတွေ ဒီကနေလည်း သတင်းတွေကို ဒါတွေက သိပ်စိုးရိမ်စရာ မရှိဘူးဆိုတဲ့အကြောင်း၊ ဒါတွေဟာ ပြည်တွင်းမှာ ဖြစ်နေတာလည်း မဟုတ်ဘူးပေါ့နော်။ ဒါမျိုးလေးတွေလည်း ကျွန်တော်တို့က တန်ပြန်ပြီးတော့ အချက်အလက်တွေ ပေးနိုင်ဖို့လည်း လုပ်နေပါတယ်။ ဒီဂျစ်တယ်မာကက်တင်း အပိုင်းကလည်း တရုတ်ဘာသာစကားတွေနဲ့ တရုတ်တွေ ကြည့်နိုင်တဲ့ ဝက်ဘ်ဆိုက်တွေလည်း ထောင်ထားပြီးသား ရှိပါတယ်။ တရုတ်ပြည်ကနေ ကြည့်လို့ရတဲ့ ဝက်ဘ်ဆိုက်တွေလည်း ရှိတယ်။ သတင်းတွေကို ကျွန်တော်တို့ ပြန်ကြားပေးနေတယ်ပေါ့။ အထူးသဖြင့်တော့ ကျွန်တော်တို့ ပြောချင်တာက အုပ်စုလိုက်လာတဲ့ ခရီးသည်တွေသည် Major Tour တွေကိုပဲ သွားတာဖြစ်တယ်။ ဒီဟာသည် စိတ်ပူစရာ မရှိဘူး။ လာကြည့်ရင် ယုံသွားမယ်ပေါ့။ မြန်မာနိုင်ငံမှာလည်း အားလုံးသိတဲ့အတိုင်း တချို့နေရာကလည်း လုံခြုံရေးအရ သွားဖို့၊ လာဖို့ အဆင်မပြေတဲ့ နေရာတွေရှိတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က ၁၁ နေရာကို Recommended ပေါ့နော်။ ဒီ ၁၁ နေရာသည် သွားရောက်လည်ပတ်ဖို့ အဆင်ပြေတယ်ဆိုတာကို ကျွန်တော်တို့က Recommend လုပ်ထားတယ်။

မေး ◾️ အခု ကြိုတင်ပြင်ဆင်တာတွေ လုပ်နေတာဆိုတော့ ဝန်ကြီးဌာနအနေနဲ့ ဘယ်တော့လောက်ကျရင် တရုတ်ခရီးသွားတွေ လာနိုင်မယ်လို့ မျှော်မှန်းထားတာရှိပါသလဲ။ Vision ပေါ့။

ဖြေ ◾️ ကျွန်တော်တို့ ခရီးသွားရာသီအစ အောက်တိုဘာကနေပြီးတော့ ဝင်လာမယ်လို့ မျှော်လင့်ပါတယ်။ အခုလာမယ့် အောက်တိုဘာဆိုတော့ ကပ်တောင်ကပ်နေပါပြီ။ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ ဒီဘက် ခရီးသွားရာသီပေါ့။ ဒီခရီးသွားရာသီကျရင် ဧည့်သည်တွေ လာမယ်လို့ မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့နဲ့ အဲ့ဒီနေ့က အစည်းအဝေးလုပ်တဲ့အထဲမှာ တရုတ်ခရီးသွားတွေကို ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီတွေက အများစုပါ။ တရုတ်ချစ်ကြည်ရေးအသင်းတို့လည်း ပါတယ်။ သူတို့ သတင်းစကားအရလည်း ဝင်လာဖို့ ရှိတယ်။ နောက်တစ်ခု ကျွန်တော်တို့က တရုတ်ခရီးသွားတွေအတွက် ဆိုက်ရောက် ဗီဇာကို နဂို အရင်က ပေးခဲ့တယ်။ ပေးခဲ့ပြီးတော့ ကိုဗစ်တွေ ဖြစ်တော့ ရပ်သွားတာပေါ့။ သူတို့ဘက်မှာလည်း ဇီးရိုးကိုဗစ် ဆိုပြီး သူတို့နိုင်ငံသားတွေကို အပြင်မထွက်ခိုင်းတော့ ရပ်သွားတာပေါ့။ အခု ဆိုက်ရောက်ဗီဇာပေးဖို့အတွက်လည်း ကျွန်တော်တို့ဝန်ကြီးဌာနက ကြိုးစားပြီးတော့ အထက်ဌာနတွေကို တင်ပြပြီးတော့ ဆောင်ရွက်နေတာ ရှိတယ်။

ဆိုက်ရောက်ဗီဇာလည်းရပြီ။ ဗီဇာကို ကြိုယူလာစရာ မလိုဘူး။ ရောက်မှ ဗီဇာပေးတဲ့ စနစ်နဲ့ လုပ်မယ်ဆိုရင် ဒါက ဧည့်သည်တွေအတွက် လာချင်စရာကောင်းတဲ့ မက်လုံးတစ်ခုထပ်ဖြစ်တာပေါ့။ အဲ့ဒါကိုလည်း ကျွန်တော်တို့ ပေးဖို့လုပ်နေတယ်။ ဒါအထက်အကြီးအကဲတွေကို တင်ပြထားတယ်။ ဒါလည်း မကြာခင် ဖြစ်လာမယ့် သဘောရှိပါတယ်။ ဒါဆိုရင်တော့ ခရီးသွားတွေလည်း တိုးတက်လာမယ်လို့ ထင်ပါတယ်။

ကျေးဇူးတင်ပါတယ် ခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *

Related News