◾️သီလရှင်တစ်ပါးကို မုဒိမ်းကျင့်သွားပြီး သီလရှင်နှစ်ပါး ဖမ်းဆီးသွားဟုလည်း ကနဦးသိရ

MT News
၂၉. ၈. ၂၀၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်၊ မဟာမြိုင်တောကြီးအတွင်းရှိ မဟာမြိုင်တောရဓမ္မရိပ်သာတွင် သဲဖြူဆရာတော်ကြီးက ရွှေတိဂုံပုံတူစေတီတော်တည်မည့် အလှူငွေကျပ်သိန်း ၂၀၀၀၀ ကျော်ကို KIA နှင့် PDF များက ဩဂုတ် ၂၈ ရက်တွင် လုယက်သွားသည်ဟု သိရသည်။

အဆိုပါဖြစ်စဉ်အပေါ် SAC ၏ သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့ကလည်း အတည်ပြုပြီး ဩဂုတ် ၂၈ ရက် နေ့လယ် ၂ နာရီခန့်အချိန်တွင် ကလေးဝမြို့နယ် သစ္စာပန်းတောင်းကျေးရွာအနီးရှိ မဟာမြိုင်တောရကျောင်းအတွင်းသို့ PDF များက ၁၀ ဘီးကားနှစ်စီးဖြင့် ရောက်လာပြီး သံဃာတော်၊ ရှင်သာမဏေနှင့် သီလရှင်များအတွက် စုဆောင်းထားသည့် ဆွမ်းဆန်၊ ဆီ၊ စားနပ်ရိက္ခာများ လုယက်သွားသည်ဟု MT News သတင်းဌာန၏ မေးမြန်းမှုအပေါ်  ပြန်လည်ဖြေဆိုသည်။

ထို့ပြင် သီလရှင်တစ်ပါးကို မုဒိမ်းကျင့်ကာ သီလရှင်နှစ်ပါးကို ဖမ်းဆီးသွားသည်ဟု ကနဦးသတင်းများအရ သိရသည်။

“သဲဖြူဆရာတော်ကြီးရဲ့ မဟာမြိုင်တောရကို PDF တွေ ဝင်ရောက်မွှေနှောက်ပြီး သီလရှင်နှစ်ပါးကို ဖမ်းဆီးသွားပါတယ်။ သီလရှင်အငယ်တစ်ပါးကို ကျောင်းတိုက်အတွင်းမှာပဲ မုဒိမ်းကျင့်သွားပြီး ဘက်ဟိုးသုံးစီးနဲ့ ရွှေတိဂုံပုံတူစေတီတည်မဲ့ ငွေ သိန်း ၂၀၀၀၀ ကျော်လည်း လုယက်ခံလိုက်ရပါတယ်”ဟု အဆိုပါဖြစ်စဉ်ကို သိရှိသူတစ်ဦးက ဆိုသည်။

နွေဦးတော်လှန်ရေးစတင်သည့်အချိန်မှ ယနေ့ကာလအထိ သံဃာ ၈၂ ပါးနှင့် သီလရှင်ကြီးတစ်ပါး သတ်ဖြတ်ခံထားရပြီး ယခုဖြစ်စဉ်ဖြစ်ပွားသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်၊ မဟာမြိုင်တောကြီးအတွင်းရှိ မဟာမြိုင်တောရဓမ္မရိပ်သာသည် KIA နှင့် PDF များ အဓိကထိန်းချုပ်ထားရာ နေရာလည်းဖြစ်ကာ အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီးမှာ ဗုဒ္ဓဘာသာသံဃာတော်များ သတ်ဖြတ်ခံရမှုအများဆုံး တိုင်းဒေသကြီးလည်း ဖြစ်သည်။

MT News သတင်းဌာနအနေဖြင့် KIA နှင့် PDF များက မဟာမြိုင်တောရရိပ်သာမှ ကျပ်သိန်း ၂၀၀၀၀ ကျော်လုယက်ကာ သီလရှင်ငယ် ၁ ပါးကို မုဒိမ်းကျင့်ပြီး သီလရှင် ၂ ပါးကို ဖမ်းဆီးသွားသည်ဆိုသောအချက်နှင့် ပတ်သက်ပြီး ဆက်လက်အတည်ပြုရန် စုံစမ်းနေကာ အသေးစိတ်သိရသည်များကို ဆက်လက်ဖော်ပြပေးမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News