၂၉. ၈. ၂၀၂၃
Translated by Htwe Ko Tun

ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင်၏သမီးဖြစ်သူ ပေတုံတန် ရှီနာဝါထရာက ဖခင်ဖြစ်သူမှာ ရဲတပ်ဖွဲ့ဆေးရုံ၌ပင် ကုသခံနေခြင်းဖြစ်ကြောင်း၊ အခြားပုဂ္ဂလိကဆေးရုံတစ်ခုခုသို့ ပြောင်းရွှေ့ခြင်းမရှိကြောင်း၊ သို့သော် ဖခင်ဖြစ်သူ၏နှလုံးကျန်းမာရေးအခြေအနေအတွက် စိုးရိမ်မိကြောင်း ဩဂုတ် ၂၉ ရက်တွင် ပြောကြားခဲ့သည်။

ထိုအတောအတွင်း နိုင်ငံရေးပြိုင်ဘက်တစ်ဦးက သက်ဆင်မှာ အမှန်တကယ်ပင်ကျန်းမာရေးမကောင်းခြင်းဟုတ်ပါ၏လောနှင့် အကျဉ်းထောင်တွင်မနေဘဲ ဆေးရုံတွင် နေရလောက်အောင် ကျန်းမာရေးက မကောင်း၍လော ပြောကြားတိုက်ခိုက်ခဲ့သေးသည်။

ပေတုံတန်က ရဲတပ်ဖွဲ့ဆေးရုံရှိ ဖခင်ဖြစ်သူထံ ဩဂုတ် ၂၉ ရက် နံနက်တွင် ထပ်မံသွားရောက်ခဲ့သည်။ ထို့နောက် ဖျူထိုင်းပါတီဌာနချုပ်၌ သတင်းထောက်များနှင့်တွေ့ခဲ့ရာတွင် ပေတုံတန်က ဖခင်ဖြစ်သူမှာ ပင်ပန်းနွမ်းနယ်လျက်ရှိကြောင်း၊ သို့သော် ၎င်းကိုမူ တွေ့ဆုံစဉ်စကားပြောနိုင်ကြောင်း ပြောခဲ့သည်။

ပေတုံတန်က “ကျွန်မသူ့ရဲ့ နှလုံးကျန်းမာရေးအတွက် စိတ်ပူမိတယ်။ သူက အဆုတ်ကလည်း သိပ်မကောင်းဘူး။ ဒါပေမယ့် အဆုတ်က သိပ်စိုးရိမ်ရလောက်အောင်မဟုတ်ဘူး။ နှလုံးအတွက်အထူးစိတ်ပူမိတာပါ” ဟု ပြောခဲ့သည်။

ထို့ပြင် ပေတုံတန်က သက်ဆင်မှာ ကိုဗစ်-၁၉ ကူးစက်မှုလည်းခံခဲ့ရ၍ ဆေးရုံတွင်တစ်လခန့်နေခဲ့ရပြီး အထူးကြပ်မတ်ဆောင်တွင်ကိုးရက်နေခဲ့ရကြောင်း၊ ထို့ကြောင့်အဆုတ်တွင်ထိခိုက်မှုများရှိခဲ့ကြောင်းလည်းသတင်းထောက်များအားပြောခဲ့သည်။

ဆက်လက်၍လည်း ပေတုံတန် က ၎င်းအားတွေ့ရသောကြောင့် ဖခင်ဖြစ်သူမှာ အထူးပျော်ရွှင်သွားကာ စိတ်ပိုင်းဆိုင်ရာ အားတက်လာသည်ဟုလည်း ထင်မိကြောင်းပါပြောခဲ့သည်။

သက်ဆင်အား ရဲတပ်ဖွဲ့ဆေးရုံ၌ မည်မျှကြာကြာထားမည်နည်းဆိုသည့် မေးခွန်းကို ပေတုံတန်က ၎င်းလည်းထိုမေးခွန်းကို ဆရာဝန်များအားမေးခဲ့ကြောင်း၊ သို့သော် ၎င်းတို့က ဖြေကြားခြင်းမပြုခဲ့ကြကြောင်း၊ အကြောင်းမှာ အခြားအချက်များစွာရှိနေ၍ဖြစ်မည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။

ပေတုံတန်က ဖခင်ဖြစ်သူအား စွဲဆိုခံထားရသည့်စွပ်စွဲချက်များနှင့်ပတ်သက်၍ အနှောင့်အယှက်မဖြစ်စေလိုကြောင်း၊ ၎င်း၏ကျန်းမာရေးအတွက်သာ အခြားသူများထက်ပို၍ မိမိအနေဖြင့်စိုးရိမ်မိကြောင်း၊ ဘုရင်မင်းမြတ်၏လွတ်ငြိမ်းချမ်းသာခွင့်နှင့်ပတ်သက်၍လည်း ဖခင်၏စိတ်ကြိုက်ဆုံးဖြတ်ချက်အတိုင်း ပြုလုပ်ရန် မိသားစုက သဘောတူထားကြောင်း ပြောခဲ့သည်။
Ref—–Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *