၂၉. ၈. ၂၀၂၃
Written By Thandar

သရုပ်ဆောင် စိုးသီဟကတော့ “အခမ်းအနားဆုံးသစ်ပင်” ဇာတ်လမ်းတွဲမှာ သီဟ ဆိုတဲ့ ဇာတ်ကောင်ပီပြင်အောင် Delivery လိုက်ပို့ မုန့်ဖက်ထုပ်ရောင်းရင်း သရုပ်ဆောင်ထားပါတယ်လို့ ဖွင့်ဟလာပါတယ်။

“အခမ်းအနားဆုံးသစ်ပင် ဆိုတဲ့အတိုင်း ဒရာမာဇာတ်လမ်းလေးဖြစ်ပါတယ်။ ဒီဇာတ်လေးကို ရိုက်ဖို့ စီစဥ်ထားတာ လွန်ခဲ့တဲ့ ၆ နှစ်လောက်ထဲကပါ။ အကြောင်း ကြောင်းကြောင့် ကြာသွားတာပါ။ ကျွန်တော်က သီဟ ဆိုတဲ့ဇာတ်ကောင်ပီပြင်အောင် Delivery လိုက်ပို့ မုန့်ဖက်ထုပ်ရောင်းရင်း သရုပ်ဆောင်ထားပါတယ်။ အောက် ခြေလူတန်းစားဘဝကို အကောင်းဆုံး ပုံဖော်ထားတာပါ။ ကိုယ့်မိသားစုကို စောင့်ရှောက်တဲ့သူကို သစ်ပင်တစ်ပင်နဲ့ ညွှန်းဖွဲ့ထားတာပါ”လို့ သရုပ်ဆောင် စိုးသီဟက MT News ကို ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-08-29_09-39-06-1024x1024.jpg

အဆိုပါ ဇာတ်လမ်းတွဲမှာ ဇာတ်လမ်း ညိမ်းသူဟန် ၊ ဇာတ်ညွှန်း ကဗျာသစ်တို့က ရေးသားထားပြီး ဒါရိုက်တာ နေကြာရှိုင်းနဲ့ တွဲဖက်ဒါရိုက်တာ သွေးသစ်တို့က ရန်ကုန်မြို့တွင်းရှိ သန်လျင် ၊ မြောက်ဒဂုံ စတဲ့ နေရာတွေမှာ စိုးသီဟ ၊ နေဆန်း ၊ နန်းဆုဦး ၊ စနိုးကြည်ဖြူ ၊ လှမျိုးသဥ္ဇာနွယ် ၊ မြို့တော် ညီညီမင်း ၊ ရဲလေးမ ၊ ဟန်ဆက်လူ ၊နေအုပ်စိုးအောင် ၊ ဇေယျ ၊ ဇေရတု စတဲ့ သရုပ်ဆောင်တွေပါဝင်ပြီး ရိုက်ကူးနေလျှက် ရှိပါတယ်။

“မလှမျိုး(ခ)လှမျိုးသဥ္ဇာနွယ်ကတော့ အမေနေရာက ပါဝင်ထားပါတယ်။ ကိုယ်ငယ်ငယ်ထဲက ထိန်းကျောင်းလာတဲ့သူမို့ အမကို အမေနေရာမှာ သရုပ်ဆောင်ထားပေမယ့် ကျေနပ်မိပါတယ်။ ဆင်းရဲသားမိသားစု ဒရာမာဇာတ်လေးမို့ ရင်ထဲက ခံစားချက် တချို့ထည့်ပြီး ငိုရတာတွေရှိတယ်။ မိသားစုတစ်ခုထဲမှာ ဘဝကိုဖြတ်သန်းရာမှာ အခက်အခဲမျိုးစုံ ပြဿနာပေါင်းစုံဖြစ်နေကြတယ်”လို့ သူကဆက်ပြောပါတယ်။

အပိုင်း ၂၀ ပါဝင်မယ့်“အခမ်းအနားဆုံးသစ်ပင်” ဇာတ်လမ်းတွဲကို ရုပ်သံလိုင်းတစ်ခုမှာ ထုတ်လွှင့်ပြသဖို့အတွက် စီစဥ်ထားတယ်လို့ သိရပါတယ်။

သရုပ်ဆောင် စိုးသီဟဟာ ကိုဗစ်ကာလအပြီးမှာ စတင်ပြီး ကိုယ်ပိုင်ထုတ်လုပ်ရေးဖြစ်တဲ့ Soe Family Film & Video Production က အဏ္ဏဝါအလှ ဇာတ်ကား ၊ အတိုးမပေးတဲ့ ဒိုးလေး ဇာတ်လမ်းတွဲ ၊ သက်ရှိစည်းရိုး ရုပ်ရှင် ဇာတ်ကားကြီး ၊ ကြယ်ညွှန်ရာ သစ္စာ ဇာတ်ကား စတဲ့ ဇာတ်ကားတွေကို ရိုက်ကူးတင်ဆက်နေလျှက်ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *