၂၇. ၈. ၂၀၂၃

Writer & Photo Naing Thuta

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ မတ္တရာမြို့နယ်၊ တောင်ပြုံးကျေးရွာရှိ ဆုတောင်းပြည့်ဆုတောင်းရဘုရား ဗုဒ္ဓပူဇနိယပွဲတော်၊ ဆွမ်းတော်ကြီးလောင်းလှူပွဲနှင့် တောင်ပြုံးအရှင်နှစ်ပါးပွဲတော်ကို ၁၃၈၅ ခုနှစ်၊ ဝါခေါင်လဆန်း ၈ ရက်(၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၄ ရက်)မှ ဝါခေါင်လပြည့်နေ့(ဩဂုတ်လ ၃၁ ရက်)အထိ ရှေးယခင်နှစ်များက အစဉ်အလာအတိုင်း ယခုနှစ်တွင်လည်း ပြန်လည်ကျင်းပပြုလုပ်သည့်အတွက် မြန်မာတစ်နိုင်လုံးရှိ အရှင်နှစ်ပါးကို သတ်ဝင်ယုံကြည်သူများ စည်ကားသိုက်မြိုက်စွာ လာရောက်အခစားဝင်လျှက်ရှိကြောင်း သိရသည်။

” ဒီနေ့က ဝါခေါင်လဆန်း ၁၁ ရက်နေ့ဖြစ်တဲ့အတွက် အရှင်မင်းနှစ်ပါးရဲ့ ချိုးရေတော်သုံးပွဲကျင်းပတဲ့နေ့ဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း ချိုးရေတော်သုံးတဲ့နေ့မှာ ပွဲက အစည်ကားဆုံးနေ့ပဲ။ ဒီနှစ်ကတော့ မင်းနှစ်ပါးကို မနက် ၈ နာရီထဲက ချိုးရေတော်သုံးခဲ့တယ်။ အရင်တုန်းကတော့ နေ့လည် ၁၁ လောက်မှလုပ်တာ။ ဒီနှစ်ကစောတယ်။ ဆိုင်းဝိုင်းတွေနဲ့ဆိုလည်း ညနေ ၄ နာရီမှ စချော့ကြတာ။ အခုနှစ်တော့ မနက် ၁၀ နာရီထဲက စချော့နေတာပါ။ နောက်နေ့တွေမှာလည်း အရင်က ကျင်းပတဲ့ဓလေ့အတိုင်း ဆက်လက်ကျင်းပသွားမှာပါ”ဟု ပွဲတော်ကျင်းပရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက MT News သတင်းဌာန၏ မေးမြန်းမှုကို ဖြေကြားသည်။

This image has an empty alt attribute; its file name is 371540849_168723739578442_966914164746053829_n.jpg

ထိုတောင်ပြုံးအရှင်နှစ်ပါးပွဲတော်ကို ကျင်းပရာတွင် ဝါခေါင်လဆန်း ၈ ရက်နှင့် ၉ ရက်နေ့တို့တွင် ကန်တော့ခံပွဲ၊ ဝါခေါင်လဆန်း ၁၀ ရက်နေ့တွင် ည ညီလာခံပွဲ၊ ဝါခေါင်လဆန်း ၁၁ ရက်နေ့တွင် ချိုးရေတော်သုံးပွဲ၊ ဝါခေါင်လဆန်း ၁၂ ရက်နေ့တွင် နန်းတက်ပွဲ၊ ဝါခေါင်လဆန်း ၁၃ ရက်နေ့တွင် ယုန်ထိုးပွဲ၊ ဝါခေါင်လဆန်း ၁၄ ရက်နေ့တွင် ထိမ်ခုတ်ပွဲ၊ ဝါခေါင်လဆန်း ၁၅ ရက်နေ့တွင် ပခန်းမင်းပို့ပွဲနှင့် ဝါခေါင်လပြည့်ကျော် ၁ ရက်နေ့တွင် ရွှေဘုံဆင်းပွဲ ရိုးရာအစဉ်အလာများအတိုင်း ကျင်းပပြုလုပ်လျှက်ရှိပြီး ဆုတောင်းပြည့်၊ ဆုတောင်းရမြတ်စွာဘုရား ဘုရားပွဲတော်နှင့် တောင်ပြုံးအရှင်နှစ်ပါးပွဲတော်အား တစ်ပြိုင်နက်ပြုလုပ်ခြင်းဖြစ်ကာ ဘုရား ပွဲတော်နောက်ဆုံးရက်ဖြစ်သည့် ဝါခေါင်လပြည့်နေ့ နံနက်ပိုင်းတွင် သံဃာတော်များအား ဆွမ်းနှင့်လှူဖွယ်ပစ္စည်းများ လောင်းလှူသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ်တွင်လည်း ဘုရားပွဲတော်လာရောက်သူများနှင့် ရိုးရာဓလေ့ကိုးကွယ်ယုံကြည်မှုများအရ တောင်ပြုံးအရှင်နှစ်ပါးထံ လာရောက်ပူဇော်ဆက်သသူများဖြင့် စည်ကားလျှက်ရှိပြီး စားသောက်ဆိုင်များ၊ လူသုံးကုန်ပစ္စည်းဆိုင်၊ ပွဲစျေးတန်းများတွင် ရောင်းချလေ့ရှိသည့်မုန့်မျိုးစုံဆိုင်များနှင့် ၁၂ ပွဲဈေးသည်များလည်း လာရောက်ရောင်းချကြသည်။

This image has an empty alt attribute; its file name is 371349555_168723506245132_8436804640007668215_n.jpg

အဆိုပါပွဲတော်ကို ကိုဗစ်ကပ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်တို့တွင် ကျင်းပပြုလုပ်နိုင်ခြင်းမရှိဘဲ ၂၀၂၂ ခုနှစ်တွင် ပြန်လည်ကျင်းပခဲ့သော်လည်း ယခုနှစ်လောက် မစည်ကားဘဲ အကျဉ်းချုပ်သာပြုလုပ်ခဲ့ရသည်။ ယခုနှစ်တွင်လည်း ရှေးယခင်နှစ်များထက် သုံးပုံနှစ်ပုံခန့်သာ လာရောက်ကြောင်း သိရသည်။

ယင်းပွဲတော်ကျင်းပသည့်ရက်များတွင် မြန်မာနိုင်ငံရှိ အနယ်နယ်အရပ်ရပ်မှ လာရောက်သူများကြောင့် လူဦးရေအလွန်စည်ကားသည့်အတွက် ထင်ရှားခြင်းဖြစ်သည်။ ထို့ကြောင့် တောင်ပြုံးအရှင်နှစ်ပါးပွဲတော်သည် မြန်မာနိုင်ငံရှိ ပွဲတော်များအနက် ထင်ရှားသည့်ပွဲတော်တစ်ခုလည်း ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *