၂၆. ၈. ၂၀၂၃
Written By Thandar
အောင်သီရိထုတ်လုပ်ရေးက ရိုက်ကူးထုတ်လုပ်တဲ့ အိမ်တွင်းအကြမ်းဖတ်မှု ပညာပေးပုံစံ “လောင်” ရုပ်သံဇာတ်လမ်းတွဲ Press Conference Show ကို ဩဂုတ်လ ၂၆ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ Novotel Hotel မှာ ကျင်းပခဲ့ပါတယ်။
“ဒီဇာတ်လမ်းတွဲက ဘုံတို့ရဲ့ သမီးဆိုး ၊ အိမ်ထောင်အပြင် အခု လောင်က တတိယမြောက် ဖန်တီးမှုလည်းဖြစ်ပါတယ်။ အရင် ဇာတ်လမ်းတွဲတွေလို ပရိသတ်တွေ အကြိုက်တွေ့စေဖို့လည်း မျှော်လင့်ပါတယ်။ ဘုံ့ကို မယ်မင်းဘုံရယ်လို့ ဖြစ်လာအောင် ကြိုးစားခွင့်ပေးလို့လည်း အောင်သီရိ ထုတ်လုပ်ရေး၊ Mahar တို့အပြင် ပါဝင်တဲ့ အနုပညာရှင်အားလုံးကို ကျေး ဇူးတင်ပါတယ်။ အိမ်ထောင်ရေး ဖောက်ပြန်လို့ မိသားစုတွေ ခံစားရတာရှိသလို တချို့ ကိုယ့်မိဘကြောင့် သားသမီးတွေ ခံစားရတာတွေလည်း ရှိပါတယ်။ ဒီလိုခံစားချက်မျိုးစုံကို ဘုံအနေနဲ့ ရိုက်ကူး တင်ဆက်ပေးထားတာပါ “လို့ ဒါရိုက်တာ မယ်မင်းဘုံက ပြောပါတယ်။
လောင်ကို ဇာတ်လမ်း လူညိုချောနဲ့ လုံမ ၊ ဇာတ်ညွှန်း သီလံက ရေးသားပြီး ဒါရိုက်တာ မယ်မင်းဘုံက သရုပ်ဆောင်တွေဖြစ်တဲ့ တိုင်ရွန် ၊ ညီထွဋ်ခေါင် ၊ ရှိန်းတင်ထူး ၊ အကယ်ဒမီ ချောရတနာ ၊ ဖူးစုံ ၊ ထက်ထက်ထွန်း ၊ ဆုအိမ့်စံ ၊ ဩဂတ်စ်မိုး ၊ အကယ်ဒမီ ဦးဇော်ဦး ၊ ကျော်ဇေယျ ၊ ဒေါင်းဝေ ၊ ဦးဝင်းမြိုင် ၊ အကယ်ဒမီ ဝါဝါအောင် ၊ မျိုးမျိုးခိုင် ၊ ဟန်လေး ၊ ပြည့်ဖြိုး ၊ မိုးကောင်းကင် ၊ စင်သီယာ ၊ ဘုန်းကာရံ နဲ့ စတဲ့အနုပညာရှင်တွေနဲ့ ရိုက်ကူးထားပါတယ်။
” ဖူးစုံအနေနဲ့ အနုပညာအလုပ်တွေ မလုပ်ဖြစ်တာ ရက်ပေါင်းထောင်နဲ့ချီ ကြာခဲ့ပါပြီ။ ခုမှ ပြန်ပြီး အနုပညာအလုပ်တွေ လုပ်ချိန် အသစ်တစ်ယောက်လို ပြန်ဖြစ်ခဲ့ရပါတယ်။ စိတ်လည်း အရမ်းလှုပ်ရှားခဲ့ရပါတယ်။ ဖူးစုံ အနုပညာအလုပ်တွေကို နှစ်တွေ အများကြီး လုပ်သွားဖို့ မရှိဘူး။ ကိုယ် အနုပညာလုပ်ချိန်မှာ သေချာလေး အကောင်းတွေပဲ တင်ဆက်ပဲသွားချင်ပါတယ်”လို့ သရုပ်ဆောင် ဖူးစုံက ပြောပါတယ်။
အပိုင်း ၂၆ ပိုင်းပါဝင်မယ့် ရုပ်သံဇာတ်လမ်းတွဲကို မနက်ဖြန် ဩဂုတ် ၂၇ ရက်ကစပြီး Mahar Application ကနေ ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။