၂၃. ၈. ၂၀၂၃
Written by Naing Thuta
ရတနာပုံတက္ကသိုလ်အနီးရှိ နေအိမ်တစ်အိမ်တွင် ယမန်နေ့ညသန်းခေါင်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး လေဖြတ်လူနာအပါအဝင်အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦးတို့ မီးလောင်သေဆုံးသွားကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဩဂုတ် ၂၂ ရက်) ည ၁၀ နာရီ ၅၂ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ တောင်သမန်ကျေးရွာအုပ်စု၊ အိုးဘိုကျေးရွာ၊ ရတနာပုံတက္ကသိုလ်အနီးရှိ နေအိမ်တစ်အိမ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး လေဖြတ်လူနာအပါအဝင်အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦးတို့ မီးလောင်သေဆုံးသွားကြောင်း သိရသည်။
အဆိုပါမီးလောင်မှုဖြစ်ပွားရာသို့ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ တိုင်းဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း ဦးဆောင်၍ မန္တလေးခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ မီးသတ်ရေသယ်ယာဉ် ၁ စီး၊ အမရပူရမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ ပြည်ကြီးတံခွန်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ အမရပူရမြို့နယ်ရှိ အရန်မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ် ၇ စီး၊ မီးသတ်ရေသယ်ယာဉ် ၃ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)မှ အရေးပေါ်ရေသယ်ယာဥ်၊ ရှာဖွေကယ်ဆယ်ရေးယာဥ်များနှင့်အတူ တိုင်းရုံးအဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများမှ ဝိုင်ဝန်းငြှိမ်းသတ်ခဲ့ရာ ည ၁၁ နာရီ ၂၀ မိနစ်တွင် မီးငြိမ်းသွားပြီး မီးလောင်သည့် နေအိမ်အတွင်းမှ လေဖြတ်လူနာအပါအဝင် သေဆုံးသွားသော ရုပ်အလောင်းများအား ကူညီရှာဖွေမှုများလုပ်ဆောင်ခဲ့ပြီး မန္တလေးပြည်သူ့ဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
မီးလောင်ကျွမ်းမှုဖြစ်ပွားရသည့်အကြောင်းအရာအား မသိရှိရသေးသဖြင့် တာဝန်ရှိသူများမှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျှက်ရှိကြောင်း သိရသည်။