၂၃. ၈. ၂၀၂၃
Written by Thettant

၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့် လျှောက်လွှာတစ်စောင်လျှင် (၂ဝဝိ/-) နှင့် စာမေးပွဲဝင်ကြေးအတွက် (၇ဝဝိ/-) တန်ဖိုးရှိ ပညာရေးဝန်ကြီးဌာန၊ ငွေသွင်းတံဆိပ်ခေါင်းတိုကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတွင် ၂၀၂၃-ခုနှစ်၊ စက်တင် ဘာလ (၁) ရက်နေ့မှ စတင်၍ ရောင်းချပေးမည် ဖြစ်ကြောင်း ယနေ့ကြေညာထားမှုအရ သိရသည်။

စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာ တင်သွင်းရာ၌ ဖြေဆိုမည့်ဘာသာတွဲအလိုက် အစိမ်းရောင်နှင့် ပန်းရောင်ဖြေဆိုခွင့်လျှောက် လွှာ၊ ကတ်ပြားပုံစံဖြင့် အရောင်နှစ်မျိုး ခွဲခြားသတ်မှတ်ထားသည်။

စနစ်ဟောင်း နဝမတန်း (Grade-10) အောင်မြင်ပြီး အကြောင်းအမျိုးမျိုးကြောင့် စနစ်ဟောင်း တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုခြင်း မရှိခဲ့သူများနှင့် စနစ်ဟောင်း ဒသမတန်း (Grade 11) တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူများကို ပြင်ပဖြေအဖြစ် ဖြေဆိုခွင့်ပြုမည် ဖြစ်သည်။

ပြင်ပဖြေဆိုရန် လျှောက်လွှာတင်သွင်းသူများ၏ စာမေးပွဲဝင်ကြေးအတွက် သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများတွင် စာမေးပွဲဝင်ကြေး (၇၀ဝိ/-)ကျပ်တန် ငွေသွင်းတံဆိပ်ခေါင်းများဝယ်ယူပြီး ဝင်ခွင့်လျှောက်လွှာ၏ လက်ဝဲဘက်ထိပ်ပိုင်းတွင်ကပ်၍ မိမိတို့ အမှန်တကယ်နေထိုင်သည့် မြို့နယ်ပညာရေးမှူးရုံးတွင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့မှ စက်တင်ဘာလ (၂၉) ရက်နေ့အတွင်း တင်သွင်းကြရမည် ဖြစ်သည်။

အခြေခံပညာအထက်တန်းကျောင်းများ၊ ကျောင်းခွဲများ၊ တွဲဖက်ကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ဖြေဆိုရန် လျှောက်လွှာတင်သွင်းမည့် ကျောင်းသား၊ ကျောင်းသူများ၏ စာမေးပွဲဝင်ကြေးအတွက် ကျောင်းအုပ်ကြီးများသည် စာမေးပွဲဝင်ကြေး (၇၀ဝိ/-)ကျပ်တန် ငွေသွင်း တံဆိပ်ခေါင်းများ ဝယ်ယူပြီး၊ လျှောက်လွှာတစ်စောင်ချင်းတွင်ကပ်၍ စုပေါင်းပြီး မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနသို့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁)ရက်နေ့မှ စက်တင်ဘာလ (၂၉)ရက်နေ့အတွင်း သတ်မှတ်ရက်အမီ တင်သွင်းကြရမည် ဖြစ်သည်။

သတ်မှတ်ထားသော ရက်များအတွင်း အချိန်မီ ပေးပို့ခြင်းမရှိသူများသည် စာမေးပွဲဖြေဆိုခွင့် ရရှိကြမည် မဟုတ်ကြောင်းနှင့် စာဖြေသူတင်သွင်းသည့် စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာနှင့် ကတ်ပြားတွင် ဖော်ပြပါရှိသည့် ဘာသာတွဲမှအပ အခြားဘာသာတွဲသို့ ပြောင်းလဲ‌ဖြေဆိုခွင့်ပြုမည်မဟုတ်သဖြင့် မိမိဖြေဆိုမည့် ဘာသာတွဲအလိုက်ပုံစံများ မှန်ကန်မှု ရှိ-မရှိ သေချာစွာ စစ်ဆေးပြီး မှန်ကန်စွာ ဖြည့်စွက်ပေးပို့ကြရန်ဖြစ်ကြောင်း သတိပြုရန်လိုအပ်သည်။

လျှောက်လွှာပုံစံများနှင့် ငွေသွင်းတံဆိပ်ခေါင်းများကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာန (ရုံးချုပ်)၊ ရုံးအမှတ်(၅၂)၊ နေပြည်တော်နှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ရန်ကုန်(ရုံးခွဲ)၊ ပါရမီလမ်း၊ ၁၂-ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့တွင် လာရောက်ဝယ်ယူနိုင်မည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *