မူးယစ်ဆေးဝါးများနှင့် ဖမ်းမိခဲ့သော တရားခံများကို တွေ့ရစဥ်

MT News

Written by Thi Ha

ကျပ်သိန်း ၅၉၀၀ ကျော်တန်ဖိုးရှိ Happy Water နှင့် ICE မူးယစ်ဆေးများ တာချီလိတ်မြို့တွင် နိုဝင်ဘာလ ၁ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ နိုဝင်ဘာ ၁ ရက် ည ၇နာရီ ဝန်းကျင်တွင် တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်တွင် အားဆက်ယာ စီးနင်းလာသည့် မော်တော်ဆိုင်ကယ်အား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ ရပ်တန့်စစ်ဆေး ရှာဖွေရာ ဆိုင်ကယ်ခွကြားတွင် တင်ဆောင်လာသော ကြွပ်ကြွပ်အိတ်အတွင်းမှ စိတ်ပြောင်းဆေးဝါးများရောစပ်ထားသောအမှုန့် (Happy Water) အလေးချိန် ၅ ဒသမ ၄ ကီလို(ဒေသကာလပေါက်ဈေး တန်ဖိုးငွေ ကျပ်သိန်း ၅၉၄၀) နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

အလားတူ ထိုနေ့ မနက်ပိုင်း ၁၀ နာရီ ဝန်းကျင်တွင် တာချီလိတ်မြို့နယ် ၀မ်ဆောက်ခုံကျေးရွာနေ တီတိုး(ခ) ဆမ်ခမ်း ၏နေအိမ်အား ၀င်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀၀ ပြား(ဒေသ ကာလပေါက်ဈေး တန်ဖိုးငွေ ကျပ် ၈ ဒသမ ၄ သိန်း)နှင့် အိုက်စ်(မက်သ်အဖက်တမင်း) အလေးချိန် ၃၀ ဂရမ်(ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၃ သိန်း) ကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

အဆိုပါ သိမ်းဆည်းရမိခဲ့သည့် မူးယစ်ဆေးဝါးများနှင့်စပ်လျဉ်း၍ တီတိုး(ခ)ဆမ်ခမ်း(၅၂)နှစ်နှင့် အားဆက်ယာ(၃၂)နှစ် တို့အား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *