MT News

Written by Thi Ha

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်တွင် ကျပ် ၁ ဒသမ ၄၆ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၉ ဒသမ ၇၅ သိန်းအား အောက်တိုဘာ ၃၁ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း CCDAC Myanmar မှ ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။

ဖြစ်စဥ်မှာ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၃၁ ရက် မွန်းလွဲ ၂ နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်အဝိုင်းအနီး၊ ရန်ကုန်-မန္တလေးသွား ကားလမ်းတွင် မျိုးမြင့်မောင်(ခ)ဖိုးသား မောင်းနှင်လာသည့် ခရီးသည်တင်မှန်လုံယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၄၆ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၉ ဒသမ ၇၅ သိန်းနှင့် ကျပ် ၁၀ သိန်းတို့ကို သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

ဆက်လက်၍ စစ်ဆေးဖော်ထုတ်ချက်အရ မွန်းလွဲ ၂ နာရီခွဲအချိန်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်ကြသည့် မျိုးညွန့်အောင်(ခ)အငယ်ချေအား ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်၊ ၅၆လမ်း၊ ၁၃၀ လမ်းထောင့်တွင် လည်းကောင်း၊ ည ၇ နာရီခွဲအချိန်တွင် ကျော်ကျော်ဝင်း(ခ)ဦးကျော်ကို ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်၊ တံခွန်တိုင်အဝိုင်းအနီးတွင် မော်တော်ဆိုင်ကယ်တစ်စီးနှင့် လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သည်။

အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများအား မန္တလေးတိုင်းဒေသကြီးမှ ရခိုင်ပြည်နယ်သို့သယ်ဆောင်ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပြီး လက်ရှိတွင် ဖမ်းဆီးရမိသူ ၃ ဦးတို့အား ဥပဒေအရ အရေးယူထားရှိကာ ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *