April 29, 2024

◾️ ယနေ့ ရုံးပိတ် စနေနေ့တွင် ဘုရားကြီးသို့ အများပြည်သူ တစ်သိန်းကျော် လာရောက်ဖူးမြော်

၁၉. ၈. ၂၀၂၃
Written by Nyein Kyaw

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC)ဥက္ကဋ္ဌ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်သည် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဩဂုတ်လ ၁၉ ရက် ယနေ့တွင် သွားရောက်ဖူးမြော်ခဲ့ပြီး ရဟန်းသံဃာများ၊ သီလရှင်များနှင့် ကျောင်းသား၊ ကျောင်းသူများကို အခမဲ့ဖူးမြော်ခွင့်ပေးသွားမည်ဖြစ်ပြီး ဝန်ထမ်းများကိုလည်း ၅၀ ရာခိုင်နှုန်း လျှော့ချကောက်ခံပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထားကိုးကွယ်ထားရှိသည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သော မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

ဆင်းတုတော်ကြီး ကြည်ညိုသပ္ပါယ်ဖွယ် ဖြစ်စေရေးအတွက် တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာတွင် အနုပညာလက်ရာများကိုလည်း အမြင့်ဆုံး၊ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ထားသဖြင့် ပျက်စီးမှုများမရှိစေရေး စနစ်တကျ အသေးအဖွဲမှအစ အလေးထားထိန်းသိမ်း ဆောင်ရွက်ကြရန် SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားခဲ့သည်။

ဘုရားကြီးအတွင်းသို့ စည်းကမ်းမဲ့ဝင်ရောက်မှုမရှိစေရေး ဆောင်ရွက်ရန်၊ ဝန်ထမ်းများသွားလာမှု အဆင်ပြေစေရေး စဉ်းစားဆောင်ရွက်ရန်၊ လျှပ်စစ်မီးသုံးစွဲရေးမှုသက်သာစေရေး၊ လျှပ်စစ်မီးသုံးစွဲမှုကို လျှော့ချပေးနိုင်ရန်အတွက် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်မီးကိုလည်း တပ်ဆင်ပေးထားကြောင်း၊ သောက်သုံးရေများလည်း စဉ်ဆက်မပြတ်ရရှိအောင် ဆောင်ရွက်ရန် SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

အစည်းအဝေးအပြီးတွင် SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အဖွဲ့သည် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရင်ပြင်တော်ကြီးတွင် လည်းကောင်း၊ ဂန္ဓကုဋိတိုက်များတွင်လည်းကောင်း၊ ရေပန်းရင်ပြင်တွင်လည်းကောင်း၊ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီးအတွင်း လည်းကောင်း လှည်လည်ဖူးမြော်ကြည်ညိုကြပြီး SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဘုရားဖူးပြည်သူများကို ခင်မင်ရင်းနှီးစွာဖြင့် နှုတ်ဆက်ခဲ့သည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဩဂုတ်လ ၈ ရက်မှစတင်၍ အခမဲ့ဖူးမြော်ခွင့်ပြုပေးခဲ့ပြီး ဩဂုတ်လ ၁၉ ရက် ရုံးပိတ်ရက် စနေနေ့တွင် ရဟန်း၊ ရှင်လူဘုရားဖူးပြည်သူ တစ်သိန်းကျော် လာရောက်ဖူးမြော်ကြည်ညိုခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC)၏ သတင်းမှန်ပြန်ကြားရေးအဖွဲမှ ထုတ်ပြန်ထားသည်။

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အနယ်နယ်အရပ်ရပ်မှ ရဟန်း၊ ရှင်လူ ဘုရားဖူးပြည်သူများ အခမဲ့ လာရောက်ဖူးမြော် ကြည်ညိုနိုင်ရန်၊ အခမဲ့ဖူးမြော်ခွင့်ပေးထားသည့်ရက်ကို စက်တင်ဘာ ၃ ရက်အထိ ရက်ထပ်မံတိုးမြှင့် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အခမဲ့ဖူးမြော်ခွင့်ပေးထားသည့်ရက်ကျော်လွန်ပါက ဝင်ရောက်လေ့လာဖူးမြော်သူများကို ဝင်ကြေးကောက်ခံသွားမည်ဖြစ်ပြီး လူကြီးတစ်ဦးလျှင် ကျပ် ၁,၀၀၀၊ ကလေးတစ်ဦးလျှင် (ရင်ခွင်ပိုက်မပါ) ကျပ် ၁,၀၀၀၊ နိုင်ငံခြားသားတစ်ဦးလျှင် ၁၀ ဒေါ်လာ၊ အပျော်ရိုက်ကင်မရာအတွက် ကျပ် ၅,၀၀၀ ၊ အလှရိုက်ဓာတ်ပုံ/Video (Pre-Wedding)အပါ ကျပ် ၅၀,၀၀၀ (နာရီဝက်ပိုတိုင်း ကျပ် ၅,၀၀၀)၊ ယာဉ်ဝင်ခွင့် တစ်စီးလျှင် (ကား Parking အထိ) ကျပ် ၂၀,၀၀၀ ကျပ်နှင့် Buggy တစ်စီးလျှင် (လေးယောက်စီး) တစ်နာရီ ကျပ် ၁၀,၀၀၀ ဖြင့် ကောက်ခံသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *