၁၉. ၈. ၂၀၂၃
Written by Nyein Kyaw

မြဝတီလမ်းပိုင်းအချို့ ပျက်စီးမှုအား ပြန်လည်ပြင်ဆင်နေဆဲ ကာလအတွင်း နယ်စပ်စခန်း/ပင်လယ်ရေကြောင်းမှ ပြောင်းလဲ၍ တင်ပို့၊ တင်သွင်းမှုများအတွက် ပို့ကုန်/သွင်းကုန်လိုင်စင် ပြင်ဆင်ပိတ်သိမ်းခြင်း၊ လိုင်စင်အသစ်လျှောက်ထားခြင်းများအတွက် ပေးသွင်းရမည့် သတ်မှတ်အခကြေးငွေများအား ကင်းလွတ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ဩဂုတ်လ ၁၈ ရက် ရက်စွဲပါ ပို့ကုန်၊ သွင်းကုန်နှင့် ပတ်သက်သည့် သတင်းလွှာ (၁၄/၂၀၂၃) ဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အသိပေးကြေညာထားသည်။

၂၀၂၃ ခုနှစ် ဩဂုတ်လ ၇ ရက်တွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် မြန်မာ-ထိုင်း ကုန်သွယ်မှုလမ်းကြောင်းရှိ မြဝတီလမ်းပိုင်းအချို့ ပျက်စီးမှုအား ပြန်လည်ပြင်ဆင်ရန် ဆောင်ရွက်လျက်ရှိသည်။

၎င်းကာလအတွင်း ကုန်သွယ်မှုလုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှု မရှိစေရေးအတွက် မြဝတီနယ်စပ်မှ တင်ပို့၊ တင်သွင်းရန် လိုင်စင်ခွင့်ပြုထုတ်ပေးပြီးသော ကုန်ပစ္စည်းများအား ပင်လယ်ရေကြောင်းနှင့် မြန်မာ-ထိုင်း နယ်စပ်ရှိ အခြားကုန်သွယ်ရေးစခန်းတို့မှ ပြောင်းလဲခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနက ၂၀၂၃ ခုနှစ် ဩဂုတ် ၉ ရက်တွင် လုပ်ငန်းရှင်များသို့ အသိပေးကြေညာထားပြီးဖြစ်သည်။

ပြောင်းလဲခွင့်ပြုရာတွင် လုပ်ငန်းများ စနစ်တကျရှိစေရေးအတွက် ပူးတွဲပါ လုပ်ငန်းစဉ် (SOP)နှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အဆိုပါလုပ်ငန်းစဉ်အရ ပိုကုန်၊ သွင်းကုန်လိုင်စင် ပြင်ဆင်ပိတ်သိမ်းခြင်း၊ လိုင်စင်အသစ် လျှောက်ထားခြင်းများအတွက် ပေးသွင်းရမည့် သတ်မှတ်အခကြေးငွေများအား ကင်းလွတ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

ပို့ကုန်၊ သွင်းကုန်လိုင်စင် ပြင်ဆင် ပိတ်သိမ်းခြင်း၊ လိုင်စင်အသစ်လျှောက်ထားခြင်းများအတွက် Tradenet 2.0 စနစ်တွင် ပေးသွင်းရသည့် ဆောင်ရွက်မှုအခကြေးငွေများဖြစ်သည့် လိုင်စင်ပြင်ဆင်ကြေး ၅,၀၀၀ ကျပ်၊ လိုင်စင်အပ်နှံကြေး ၅,၀၀၀ ကျပ်၊ သွင်းကုန်လိုင်စင်ကြေး ကျပ် ၃၀,၀၀၀ မှ ကျပ် ၉၀,၀၀၀ တို့ကို ကင်းလွတ်ခွင့်ပြုသွားမည်ဖြစ်သည်။

အထက်ပါအတိုင်း ဆောင်ရွက်ခွင့်ပြုခြင်းသည် မြဝတီလမ်းပိုင်း ပြင်ဆင်နေဆဲကာလအတွင်းသာ အကျုံးဝင်မည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *