၁၉. ၈. ၂၀၂၃
Written by Min Mahar
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် လဝကရုံးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တို့၌ လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခံရပြီး ပေါက်ကွဲမှုဖြစ်ကာ အမျိုးသား သုံးဦးနှင့် အမျိုးသမီး လေးဦး ဒဏ်ရာရရှိမှု ဩဂုတ်လ ၁၈ ရက်၊ ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ်လ ၁၈ ရက်၊ ညနေ ၃ နာရီခန့်က မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်တောင်ရပ်ကွက်၊ အကွက်(၉၀၂) တောင် ၊ ၇၈လမ်း၊ စစ်ကိုင်းလမ်းခွဲနှင့် ဂန္ဓာမာလမ်းကြားရှိ မြို့နယ်လဝကရုံးရှေ့ကို အသက် ၂၀ နှစ်ခန့်စီရှိသော အမျိုးသား နှစ်ဦးသည် ဆိုင်ကယ်တစ်စီးဖြင့် ၇၈ လမ်းအတိုင်း တောင်မှမြောက်သို့မောင်းနှင်ရောက်ရှိလာကာ အနောက်မှ ထိုင်လိုက်လာသည့် အမျိုးသားက လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခဲ့ရာ လဝကရုံးရှေ့ ဆိုင်ကယ်ရပ်နားရာ နေရာအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး အနီးရှိ အမျိုးသား သုံးဦး၊ အမျိုးသမီး လေးဦးတို့ကို ဗုံးစများထိမှန်သွားသဖြင့် ၎င်းတို့အား ရွာဘုံလူမှုကူညီရေးအသင်းယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ဆေးကုသမှုခံယူနေခြင်းဖြစ်ကြောင်း သိရသည်။

အလားတူပင် အဆိုပါပေါက်ကွဲမှုဖြစ်ပွားပြီး မကြာမီ ညနေ ၃ နာရီ ၁၀ မိနစ်ခန့်တွင်လည်း ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်တောင်ရပ်ကွက်၊ စစ်ကိုင်း-မန္တလေးလမ်းခွဲ၊ ၇၈ လမ်းနှင့် ၈၂ လမ်းကြားရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင်လည်း မြို့နယ်လဝကရုံးအား ပစ်ပေါက်သွားသည့် ဆိုင်ကယ်ဖြင့် ပင် အသက် ၂၀ နှစ်ခန့်ရှိ အမည်မသိ အမျိုးသား ၂ ဦးက စစ်ကိုင်းလမ်းခွဲလမ်းအတိုင်း အရှေ့မှ အနောက်ဘက်သို့ မောင်းနှင်လာပြီး လက်ပစ်ဗုံးဖြင့် ထပ်မံပစ်ပေါက်ခဲ့ရာ ရုံးရှေ့ ဘယ်ရီဂိတ်အနီးကျရောက် ပေါက်ကွဲခဲ့ပြီး လူနှင့်ပစ္စည်းထိခိုက်မှု တစ်စုံတစ်ရာမရှိခဲ့ကြောင်းလည်း သိရသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ တရားခံ နှစ်ဦးအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်တို့မှ CCTV မှတ်တမ်းများလိုက်လံကြည့်ရှုခြင်း၊ ပိတ်ဆို့ရှာဖွေ့ စစ်ဆေးဆောင်ရွက်ခြင်းများ ပြုလုပ်သွားကြကြောင်း ပေါက်ကွဲမှုအနီး နေထိုင်သူများ၏ ပြောပြချက်အရ သိရသည်။










