၁၉. ၈. ၂၀၂၃
Written by Ye Kyaw

ပြည်တွင်းဆန်ဈေးကျဆင်းစေရန် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနေ‌သော်လည်း လက်လီဈေးကွက်တွင် ရွှေဘိုပေါ်ဆန်းဆန် (ထူးထူးရှယ်) တစ်ပြည် ကျပ် ၇,၂၀၀ အထိမြင့်တက်နေပြီး ရွှေဘို ပေါ်ဆန်းဆန်တစ်အိတ် ကျပ် ၁၇၀,၀၀၀ ကျော်သို့ မြင့်တက်လာခဲ့ကြောင်း ပြည်တွင်း ဆန်လက်လီ အရောင်းဆိုင်များမှ သိရသည်။

“ရွှေဘိုကတော့ နယ်မှာတင် တစ်အိတ်ကိုကျပ် ၁၅၀,၀၀၀ ဖြစ်နေပြီ။ ရန်ကုန်အရောက်ဆို လမ်းစရိတ်က တစ်အိတ်ကို ၇,၀၀၀ လောက်ကျတယ်ဆိုတော့ မူရင်းဈေးမှာတင် တစ်အိတ်ကို ၁၅၇,၀၀၀ လောက် ကျနေတာ” ဟု သင်္ဃန်းကျွန်းဘုရားလမ်းဈေးရှိ ဆန်အရောင်းဆိုင်မှတာဝန်ရှိသူက ပြောသည်။

ပြည်တွင်းဆန်ဈေးနှုန်းများ ကျဆင်းစေရန် ပြည်တွင်း၌ စားသုံးမှုများသည့် ပေါ်ဆန်းနှင့် ဧည့်မထဆန် အမျိုးအစားများကို ဩဂုတ်လ ၇ ရက်မှစတင်၍ ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)နှင့် ဘုရင့်နောင်ဆန် ကုန်စည်ဒိုင်များမှ တစ်ဆင့် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိပြီး ဩဂုတ်လအတွင်း ဆန်အိတ်ရေ ၁၇၀,၀၀၀ ရောင်းချပေးသွားနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

This image has an empty alt attribute; its file name is photo_2023-08-19_09-20-26-1024x768.jpg

ဘုရင့်နောင်နှင့်ဝါးတန်းဆန်ကုန်စည်ဒိုင်နှစ်ခုတွင် အရန်ဆန်များ ရောင်းချပေးရာတွင် ရွှေဘိုပေါ်ဆန်းမွှေးများ (၁၀၈) ပေါင် တစ်အိတ် ကျပ် ၁၁၀,၀၀၀ မှ ကျပ် ၁၂၀,၀၀၀ ကြား၊ ဧရာဝတီပေါ်ဆန်းမွှေးဆန်များ (၁၀၈) ပေါင် တစ်အိတ် ကျပ် ၉၄,၀၀၀ မှ ကျပ် ၉၇,၀၀၀ ကြား၊ ဧည့်မထ (၁၀ %) (၁၀၈) ပေါင် တစ်အိတ် ကျပ် ၆၅,၀၀၀၊ ဧည့်မထ (၂၅%) (၁၀၈) ပေါင် တစ်အိတ် ကျပ် ၆၀,၀၀၀ ဖြင့် ရောင်းချပေးနေခြင်းဖြစ်သည်။

ထို့ပြင် ဩဂုတ် ၁၁ ရက်မှစ၍ ဧည့်မထဆန် တစ်ပြည် ၂,၅၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်းဆန် တစ်ပြည် ၄,၀၀၀ ကျပ်နှင့် စားဆီတစ်ပိဿာ ၄,၄၀၀ ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် ဆန်ငါးပြည်နှင့် ဆီတစ်ပိဿာကို အကန့်အသတ်မရှိ ရောင်းချပေးနေခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် နှစ်စဉ် ဩဂုတ်လနှင့် စက်တင်ဘာလသည် ဆန်အထွက်နှုန်းကျပြီး ဈေးနှုန်းမြင့်တက်မှုရှိသည့်အတွက် အရန်များထုတ်ရောင်းပေးနေခြင်းဖြစ်ပြီး ယခုနှစ်တွင်မူ သမိုင်းတစ်လျှောက် အမြင့်ဆုံးမြင့်တက်ခဲ့မှုဖြစ်သောကြောင့် ယခင်ထက် ပို၍ဂရုစိုက် ရောင်းချပေးနေပြီး ကုန်သည်ကြီးများ ဝယ်ယူရန်မဟုတ်ဘဲ စားသုံးသူများကိုသာ အဓိကရောင်းချပေးနေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News