April 29, 2024

၁၈.၈.၂၀၂၃
Written by Peya

သာသနာတော် ညှိုးနွမ်းစေရန် ဖန်တီးပုံဖော်ထားသည့် ‘မမျှော်လင့်ပါနဲ့’ အမည်ရှိ ဗွီဒီယိုဇာတ်လမ်းမှ ဒါရိုက်တာ နိုင်ငံခြားသား အပါအဝင် ပါဝင်သူများကို ဖမ်းဆီးထားပြီး ဥပဒေနှင့်အညီ အရေးယူသွားမည် ဖြစ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ဇာတ်လမ်းကို လူမှုကွန်ရက် စာမျက်နှာများ ဖြစ်သည့် Isi Dhamma ယူကျု့ချန်နယ်နှင့် Tiktok တို့တွင် တင်ခဲ့ခြင်းဖြစ်ပြီး ဇာတ်လမ်းတွင် အမျိုးသမီးငယ်တစ်ဦးက ဗုဒ္ဓဘာသာဝင်တို့၏ ယဉ်ကျေးမှု အစဉ်အလာများကို ထိခိုက်ညှိုးနွမ်းစေပြီး ရဟန်းသံဃာတော်များ၏ အကျင့်သီလကို ပုတ်ခတ်စော်ကားသော အပြောအဆိုနှင့် ရိုင်းပျသည့် စကားလုံး အသုံးအနှုန်းများကို ထည့်သွင်းပြောဆိုသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဇာတ်လမ်းတွင် ပါဝင်သူများအား ဥပဒေ နှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်ခဲ့ရာ ဇာတ်ညွှန်းနှင့် ဒါရိုက်တာဖြစ်သူ ဆွစ်ဇာလန် နိုင်ငံသား Didier Nusbaumer နှင့် သရုပ်ဆောင်များ ဖြစ်သည့် ဆန်းဝင်း (ခ) ဦးဇာနိန္ဒ၊ ယွန်းအိခင် (ခ) ယွန်းယွန်း၊ ဇာနည်ဦး၊ ဝင်းမိုး၊ ကျော်သက်ထွေး (ခ) ဖိုးထူး၊ ရဲလင်းထွန်း (ခ) ကိုရဲ၊ ချမ်းချမ်းမေ (ခ) ခင်ရူပါရှင်းသန့်၊ ရွှေရည်ဝင်း (ခ) ကဲကဲ၊ ကောင်းစံထွန်း (ခ) ကြယ်စင်၊ မိုးပြည်ပြည့်သူ (ခ) ဂျူးဂျူးစံ၊ ခါတော်မီ (ခ) ခါခါ၊ ဖြိုးမောင်မောင် (ခ) ဂျိုးဆက်သွင်၊ ညာဏ်လင်းဖြိုး (ခ) ဘရိုင်ယန် စသည့် တရားခံ ၁၄ ဦးကို ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

ဖမ်းမိသူများ၏ ထွက်ဆိုချက်အရ ဆွစ်ဇာလန်နိုင်ငံသားသည် အဆိုပါ ဇာတ်လမ်းကို ကိုယ်တိုင် ရိုက်ကူး၊ တည်းဖြတ်ကာ ဇူလိုင်လ ၂၄ ရက်တွင် လွှင့်တင်ခဲ့ခြင်းဖြစ်ပြီး သရုပ်ဆောင်များ၏ ပြောကြားချက်၊ သရုပ်ဆောင်ချက်၊ စကားလုံး အသုံးအနှုန်းများသည် ဒါရိုက်တာဖြစ်သူ ၎င်း၏ ကိုယ်တိုင် ရေးသားထားသော ဇာတ်ညွှန်းများအတိုင်း ပြောရခြင်း ဖြစ်သည်ဟု ဖော်ထုတ်သိရကြောင်း သိရသည်။

ဇာတ်လမ်းတွင် ပါဝင်ခဲ့သူများအနေဖြင့်လည်း ၎င်းတို့ ကိုယ်တိုင် ဗုဒ္ဓဘာသာဝင်များ ဖြစ်ပါလျက် ကိုယ်အမူအရာ၊ နှုတ်အမူအရာဖြင့် ရဟန်း သံဃာတော်များ၏ ဂုဏ်သိက္ခာနှင့် ကိုယ်ကျင့်တရားကို ထိခိုက်ကျဆင်းစေသည်အထိ ဆင်ခြင်တုံတရားမဲ့စွာ ပြုမူဆောင်ရွက်ခဲ့ကြသည့်အပြင် ဇာတ်လမ်းကို ကြည့်မြင်ရသည့် ဗုဒ္ဓဘာသာဝင်တို့၏ စိတ်နှလုံးကို ထိခိုက်စေပြီး ကိုးကွယ်ယုံကြည်မှုနှင့် ဘာသာ၊ သာသနာကို စော်ကားစေသည့် အပြုအမူများ သက်ရောက်ခဲ့ကြောင်း စိစစ်တွေ့ရသဖြင့် ဥပဒေနှင့် အညီ အရေးယူသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *