၁၈. ၈. ၂၀၂၃
Written by Thuta Zaw

ယနေ့ နံနက်က တောကျွဲအင်းမြို့ အနီးက ရထားလမ်း မိုင်းခွဲခံရသည့်အတွက် မီးရထားလမ်းချော်၊ တိမ်းမှောက်မှုဖြစ်ပြီး လူနှင့် ကုန်ပစ္စည်းများ ပျက်စီးမှုမရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ထံက သိရသည်။

ဩဂုတ်လ ၁၇ ရက် ညနေပိုင်း ၅ နာရီ အချိန်တွင် မန္တလေးမြို့က ထွက်ခွာလာသော မန္တလေး – ရန်ကုန် ကွန်တိန်နာ ကုန်ရထားသည် တောကျွဲအင်းမြို့ အနောက်မြောက်ဘက်ရှိ ရထားလမ်း တံတား အမှတ် ၁၇၉ သို့ ဩဂုတ်လ ၁၈ ရက် နံနက်ပိုင်း ၇ နာရီ ၅၀ မိနစ် အချိန်ကရောက်စဉ် အကြမ်းဖက်သမားများက လက်လုပ်ရီမုမိုင်းတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဖောက်ခွဲ တိုက်ခိုက်မှုဖြစ်သည့်နေရာသို့ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ ရထားပေါ်က လူနှင့် ကုန်ပစ္စည်းများ ထိခိုက်မှု မရှိကြောင်း သိရသည်။

သို့သော် မီးရထားကုန်တွဲ အမှတ် ၃ သည် လမ်း၏ ညာဘက်သို့ တိမ်းမှောက်ခဲ့ပြီး ကျန်အတွဲများမှာ လမ်း၏ ညာဘက်သို့ လမ်းချော်ခဲ့ကာ မီးရထား သံလမ်းမှာ ပေ ၁၅၀ ခန့် တွန့်လိမ် ပျက်စီးပြီး ဇလီဖားတုံး အတုံး ၇၀ မှာ ကျိုးပဲ့ ပျက်စီးသွားကြောင်း သိရကာ ပြန်လည် ပြင်ဆင်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *