၂. ၁၁. ၂၀၂၂

Written by Naing Thuta

အများပြည်သူများအပန်းဖြေရာနေရာတစ်ခုဖြစ်သည့် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၊ မန္တလေးတိရစ္ဆာန်ဥယျာဉ်နှင့် နေပြည်တော်တိရစ္ဆာန်ဥယျာဉ်များတွင် နိုဝင်ဘာ ၁ ရက်မှစပြီး ဝင်ကြေးများတိုးမြှင့်ကောက်ခံလျှက်ရှိကြောင်း မန္တလေးတိရစ္ဆာန်ဥယျာဉ်မှ တာဝန်ရှိသူတစ်ဦး၏ပြောဆိုချက်အရ သိရသည်။

” ရန်ကုန် ၊ မန္တလေး ၊ နေပြည်တော်မှာရှိတဲ့ တိရစ္ဆာန်ဥယျာဉ်အားလုံးမှာ ဒီနေ့ကစပြီး လူဝင်ကြေးကို တိုးမြှင့်ကောက်ခံတာပါ။ ခေတ်ကာလအခြေအနေအရ ကုန်စျေးနှုန်း အဆမတန်တက်လာသောကြောင့် တိရစ္ဆာန်အစာတွေလည်း ဝယ်ယူရတာစျေးကြီးလို့ ဝင်ကြေးတွေတိုးမြှင့်ကောက်ခံရတာပါ”ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။

ယခုအသစ်တိုးမြှင့်ကောက်ခံမှုတွင် လူကြီးတစ်ဦးလျှင်၂၅၀၀ ကျပ်၊ ကလေးတစ်ဦးလျှင် ၁၅၀၀ ကျပ်၊ နိုင်ငံခြားသား လူကြီးတစ်ဦးလျှင် ၇၀၀၀ ကျပ်၊ နိုင်ငံခြားသားကလေးတစ်ဦးကို ၅၀၀၀ ကျပ်အထိ အသီးသီးတိုးမြှင့်ကောက်ခံလျှက်ရှိကြောင်း သိရသည်။

ယခင်ဝင်ကြေးကောက်ခံမှုနှုန်းထားမှာ သစ်တောဦးစီးဌာနမှ တာဝန်ယူစဉ်က လူကြီး ၁၀၀၀ ကျပ်၊ ကလေး ၅၀၀ ကျပ်၊ သာသနာ့ဝန်ထမ်းများကို (သံဃာတော်၊ သီလရှင်) ၂၀၀ ကျပ်၊ နိုင်ငံခြားသား လူကြီးကို ၂၀၀၀ ကျပ် ၊ ကလေး ၁၀၀၀ ကျပ်စီ ကောက်ခံမှုရှိပြီး ၂၀၁၁ခုနှစ် အောက်တိုဘာ ၁ ရက်နေ့မှစ၍ ” ထူး ” ကုမ္ပဏီမှ လေလံယူပြီးနောက် လူကြီးတစ်ဦးကို ၂၀၀၀ ကျပ်၊ ကလေးတစ်ဦးလျှင် ၁၀၀၀ ကျပ်၊ နိုင်ငံခြားသား လူကြီးတစ်ဦးကို ၃၀၀၀ ကျပ်နှင့် နိုင်ငံခြားသားကလေးတစ်ဦးကို ၂၀၀၀ ကျပ်စီကောက်ခံလျှက်ရှိပြီး သာသနာ့ဝန်ထမ်းများကိုမူ ဝင်ကြေးကောက်ခံမှုမရှိတော့ကြောင်း သိရသည်။

အဆိုပါ ဥယျာဉ်စဖွင့်ချိန်မှစပြီး နိုင်ငံခြားသားများကို မြန်မာကျပ်ဖြင့်သာလျှင် ကောက်ခံလျှက်ရှိကြောင်းနှင့် ယခုကဲ့သို့တိုးမြှင့်ကောက်ခံရာ၌လည်း အများပြည်သူများမှ ဝင်ရောက်လည်ပတ်လျှက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *