ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၈/၂၀၂၂)အား တွေ့ရစဥ်

MT News

Written by Tha Doe

ပြည်သူများအနေဖြင့် ငွေချမ်းသာပြီး လုံခြုံမှုမရှိပါက အထုပ်ပိုက်၍ ကင်းစောင့်အိပ်နေရမည်ဖြစ်ကြောင်းနှင့် ပြည်သူလူထုချမ်းသာရေး လုပ်မပေးနိုင်ပါက တာဝန်မကျေကြောင်း SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့က ပြောကြားသည်။

အဆိုပါပြောကြားချက်ကို ယမန်နေ့ကကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၈/၂၀၂၂) သို့ SAC ဥက္ကဋ္ဌ တက်ရောက်အမှာစကားပြောကြားရာတွင် အမျိုးသားရေး လုပ်ငန်းစဉ် ၂ ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေး၊ စားရေရိက္ခာ ပေါများရေးနှင့်ပတ်သက်၍ ပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“အဲဒီတော့ ကျွန်တော့်ရဲ့ မူဝါဒမှာ ကျွန်တော်ပြောပြီးဖြစ်ပါတယ်။ အဲ့ဒါကတော့ ကျွန်တော်တို့သည် တိုင်းပြည်က သာယာဝပြောရမယ်။ စားရေရိက္ခာပေါများရမယ်။ ကျွန်တော်တို့ လက်ရှိအထွက်နှုန်းအရဆိုလို့ရှိရင် ဆန်လည်း ကျွန်တော်တို့ ပိုပါတယ်။ ပဲတွေ ကျွန်တော်တို့ နိုင်ငံခြားတောက်လျှောက်ပို့ပါတယ်။ ဆီထွက်သီးနှံလည်း အလားတူပို့နေတာ ရှိပါတယ်။ အဲ့ဒီတော့ ဒီထက်ပိုအောင်လုပ်နိုင်ဖို့ ကျွန်တော်တို့ အခွင့်အလမ်းရှိပါတယ်။ စောစောက ပြောတဲ့ စိုက်ဧက ၃၃ သန်း၊ အဲ့ဒီစိုက်ဧက ၃၃ သန်းမှာ သီးထပ်တို့၊ သီးညှပ်တို့ ရအောင်စိုက်မယ်ဆိုရင် ကျွန်တော်တို့ အထွက်နှုန်းတွေအများကြီး ပိုလာပါလိမ့်မယ်။ ကျွန်တော်ကလည်း မူဝါဒကတော့ စိုက်ဧကမတိုးချဲ့ဖို့ ပြောထားပါတယ်။ စိုက်ဧကကတော့ မထိခိုက်ဖို့လိုပါတယ်။ လုပ်ချင်လို့ရှိရင် မြေကွက်ဖော်၊ အသစ်ဖော်ပြီးလုပ်ပါ။ စိုက်ပျိုးမြေတော့ လာမထိပါနဲ့။ အဲ့ဒီတော့ တစ်ဧကအထွက်နှုန်း ပန်းတိုင်ရည်မှန်းချက်နဲ့လုပ်မယ်။ သီးထပ်စားရအောင် လုပ်မယ်၊ တိုးမြှင့်အောင်လုပ်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့ တိုင်းပြည် ဒီထက်ဝင်ငွေများစွာရမှာဖြစ်ပါတယ်။ သေချာပေါက်ဖြစ်ပါမယ်။ ဒါ့ကြောင့် ဒါကိုကျွန်တော်တို့အနေနဲ့ သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနများရော၊ ဝန်ကြီးချုပ်များက နေပြီးတော့ အမြဲတမ်းထည့်သွင်းစဉ်းစားပြီးတော့မှ ဦးစားပေးအနေနဲ့ စားရေရိက္ခာပေါများရေး၊ ထွက်လာတဲ့ဟာ များများရောင်းရလို့ရှိရင် တိုင်းပြည်ဝင်ငွေရရင် တိုင်းပြည်သာယာ ဝပြောမှုဖြစ်မှာပဲ။ တိုင်းပြည်သာယာဝပြော တယ်ဆိုတာ ငွေချမ်းသာဖို့လည်း ရှိလိမ့်မယ်။ စိတ်ချမ်းသာဖို့လည်းလိုတယ်။ ငွေချမ်းသာဖို့၊ စိတ်ချမ်းသာဖို့လိုတယ်။ တရားဥပဒေစိုးမိုးရေး ဖြစ်ဖို့လည်းလိုတယ်။ ဒါမှတိုင်းပြည်သာယာဝပြောမှာပေါ့။ ဒါမှမဟုတ်ရင် ကျွန်တော်တို့က တပူပူနဲ့။ ငွေကတော့ ချမ်းသာပါတယ်။ လုံခြုံမှုမရှိလို့ရှိရင် အထုပ်ပိုက်ပြီးတော့ ကင်းစောင့်ပြီး အိပ်နေရမှာပေါ့။ ငါ့ပစ္စည်း ဘယ်အချိန်ဘာလုမလဲဆိုပြီး ဖြစ်နေရမှာ။ ဒါတွေကလည်း ရှိသေးတာပေါ့။ ရည်မှန်းချက်က တကယ့်ကို တိုင်းပြည်အတွက်ဖြစ်သင့်တဲ့ ရည်မှန်းချက်ပါ။ တိုင်းပြည် သာယာဝပြောရေးနဲ့ စားရေရိက္ခာပေါများရေး။ ဒါကို ကျွန်တော်တို့ သွားရမှာဖြစ်ပါတယ်” ဟု SAC ဥက္ကဋ္ဌက ပြောကြားသည်။

ထို့နောက် စားရေရိက္ခာပေါများရေးအတွက်လည်း ပြည်နယ်နှင့်တိုင်း ဝန်ကြီးချုပ်များနှင့် ပြည်ထောင်စုဝန်ကြီးများကပါ သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်​ဆောင်ပေးစေလိုကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

“စားရေရိက္ခာပေါများရေးတော့ တိုင်းပြည်သာယာဝပြောရေး ဆိုလို့ရှိရင်လည်း တရားဥပဒေစိုးမိုးရေးနဲ့ ခုနကပြောတဲ့ ထွက်ကုန်ပစ္စည်းတွေ များများလုပ်ပြီးတော့မှ ပြည်သူလူထုဝင်ငွေရရှိရေး၊ ပြည်သူလူထုချမ်းသာရေး လုပ်ပေးဖို့က ကျွန်တော်တို့ လုပ်ဖို့လိုပါတယ်။ ဒါဆိုလို့ ရှိရင်တော့ ကျွန်တော်တို့ရဲ့ အစိုးရရဲ့တာဝန် ကျေတယ်လို့ ပြောချင်ပါတယ်။ အဲ့လိုမဟုတ်ရင်တော့ အစိုးရရဲ့တာဝန်မကျေဘူး။ ကျွန်တော်တို့ လုပ်သွားတဲ့ဟာကို မှတ်ကျောက်တင်နေတာပဲ အခုအချိန်မှာ၊ နောင်တက်လာတဲ့အစိုးရလည်း နောင်တက်လာတဲ့အချိန်မှာ ကျွန်တော်တို့ အစိုးရကို ဝေဖန်လိမ့်မယ်။ ကျွန်တော်တို့လည်း ပြီးခဲ့တဲ့ အစိုးရ ကျွန်တော်တို့ ဝေဖန်ခဲ့တယ်။ ပြီးခဲ့တဲ့ အစိုးရနှစ်ဆက်ကို ဝေဖန်ခဲ့တယ်။ အချို့ဟာတွေမှာ အရင် နဝတ၊ နယကတုန်းက ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာ ပြောခဲ့တာရှိတယ်။ အဲ့ဒီတော့ ကောင်းတဲ့ ပြောတဲ့ဟာမျိုးကို ခံနိုင်ဖို့ဆိုရင်တော့ ကျွန်တော်တို့ ဒီဟာကို အောင်မြင်အောင်လုပ်မှရမယ် ဆိုတာ။ ကျွန်တော်ခုနကပြောတဲ့ အကုန်လုံး ဆက်စပ်ပြီးတော့ ခြုံငုံပြီးတော့ ရှင်းပြတာပါ။ အသေးစိတ်ပြောမယ်ဆိုရင် အချက်အလက်တွေ အများကြီးရှိတယ်။ ပြောလို့လည်းပြီးမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဝန်ကြီးများကို ဒီနေ့အစည်းအဝေးမှာ ဒါလေး အလေးထားပြီးတော့ ကျွန်တော် မှာချင်ပါတယ်” ဟု SAC ဥက္ကဋ္ဌက ဆက်လက်ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *