MT News

Written by Kyaw Soe Moe (Pyapon)

ဧရာဝတီတိုင်း ဖျာပုံမြို့ လောကမာရ်အောင် မြောက်ပိုင်းဘုရားကြီး၏ ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကြီးတွင် ဖိတ်ခေါ် မီးပုံးပျံပြိုင်ပွဲနှင့် မီးပုံးပျံပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

တန်ဆောင်မုန်းလတွင် နှစ်စဥ် ကျင်းပသည့် ဖျာပုံမြို့ လောကမာရ်အောင်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကြီးတွင် မီးပုံးပျံပွဲတော်ကြီးနှင့်အတူ ဆီမီးတစ်ထောင် ထွန်းညှိပူဇော်ပွဲများ၊ တန်ဆောင်မုန်းလဆန်း ၁၁ ရက်နှင့် ၁၂ ရက်နေ့များတွင် မြန်မာ့ဆိုင်းဝိုင်း၊ တန်ဆောင်မုန်းလဆန်း ၁၃ ရက်နှင့် ၁၄ ရက်များတွင် Aနွန်၊ ဂျေညီမလေး၊ ရွှေထိုက် စသည့် တေးသံရှင်များ၏ ဖျော်ဖြေပွဲများ၊ တန်ဆောင်မုန်းလပြည့်နေ့တွင် ရွှေဂန္တဝင်တေးဂီတအဖွဲ့၊ တန်ဆောင်းမုန်းလဆန်း ၁၄ ရက်နှင့် တန်ဆောင်မုန်းလပြည့်နေ့ နေလယ်ပိုင်းများတွင် မြန်မာ့ရိုးရာခြင်းလုံးပညာရှင်များက ခြင်းအလှခတ်ပြ၍ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးဧည့်သည်များကို ဖျော်ဖြေပြီး ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။

ဖျာပုံမြို့ လောကမာရ်အောင်မြောက်ပိုင်းဘုရားသည် ဖျာပုံမြို့၏ မြောက်ပိုင်း သလိတ်ကြီးကျေးရွာတွင် တည်ထားကိုးကွယ်ထားပြီး ဖျာပုံမြစ်ကမ်းဘေးတွင် တည်ရှိကာ ဘုရားကြီးဝန်းအတွင်း ပန်းအလှဥယျာဥ်များ၊ရေပန်းများ၊ နဂါးရုံဘုရားနှင့် စေတီများဖြင့် တည်ရှိပြီး ဖျာပုံမြစ်၏ မြစ်အလှနှင့် တည်ငြိမ်အေးချမ်းသည့် သဘာဝအလှတရားများကြောင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး ဧည့်သည်တော်များအတွက် စိတ်ချမ်းမြေ့စရာ ဘုရားပွဲတော်လည်း ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *