၁၇. ၈. ၂၀၂၃
Written by Pan Ei

အနောက်အာဖရိကရှိ ကိပ်ဗာဒီကမ်းလွန်ပင်လယ်ပြင်မှာ ရွှေ့ပြောင်းနေထိုင်သူတွေ စီးနှင်းလာတဲ့ လှေနစ်မြုပ်မှုကြောင့် လူ ၆၀ ကျော် သေဆုံးခဲ့တယ်လို့ ယုံကြည်ရကြောင်း ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ နိုင်ငံတကာအဖွဲ့ (IOM) မှ ဗုဒ္ဓဟူးနေ့ (သြဂုတ်လ ၁၆ရက်) မှာ ပြောကြားခဲ့ပါတယ်။

သူတို့စီးနှင်းလာခဲ့တဲ့ Pirogue လို့ သိကြတဲ့ ရှည်လျားတဲ့ သစ်သားငါးဖမ်းသင်္ဘောကို ကိပ်ဗာဒီကျွန်းကနေ မိုင် ၁၅၀ (၂၇၇ ကီလိုမီတာ) အကွာ အတ္တလန္တိတ်သမုဒ္ဒရာထဲမှာ တနင်္လာနေ့က တွေ့ရှိခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပြီး အသက်ရှင်ကျန်ရစ်သူမှာတော့ ၃၈ ဦးရှိကာ သူတို့ထဲမှာ အသက် ၁၂ နှစ်ကနေ ၁၆ နှစ်ကြား ကလေးလေးဦး ပါဝင်ကြောင်း IOM မှ ပြောရေးဆိုခွင့်ရှိသူ Safa Msehli က ပြောကြားခဲ့ပါတယ်။

အဲ့ဒီ နစ်မြုပ်ခဲ့တဲ့ လှေဟာ ဇူလိုင် ၁၀ ရက်က ဆီနီဂေါနိုင်ငံ ငါးဖမ်းရွာ Fasse Boye ကနေ စတင်ထွက်ခွာလာခဲ့တာဖြစ်ပြီး လူ ၁၀၁ ဦး လိုက်ပါသွားခဲ့ကြောင်း ဆီနီဂေါနိုင်ငံခြားရေးဝန်ကြီးဌာနက အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။

ကိပ်ဗာဒီဟာ ဆင်းရဲမွဲတေမှုနဲ့ စစ်ပွဲတွေကြောင့် ဥရောပကို ထွက်ပြေးလာကြတဲ့ ထောင်ပေါင်းများစွာသော အာဖရိကနိုင်ငံသားတွေ အသုံးပြုတဲ့ ရေကြောင်း ရွှေ့ပြောင်းသွားလာရေးလမ်းကြောင်းတွေထဲက တစ်ခုပေါ်မှာ တည်ရှိပါတယ်။

ဆီနီဂေါနိုင်ငံမှာ ခုလို မတော်တဆမှုတွေ အရင်ကလည်း ဖြစ်ပွားခဲ့ဖူးပြီး ဆီနီဂေါ၊ ဂမ်ဘီယာ၊ ဂီနီ-ဘစ်ဆောနဲ့ ဆီအဲရာ လီယွန်နိုင်ငံတို့မှ ရွှေ့ပြောင်းနေထိုင်သူ ၉၀ ခန့်ကို အခုနှစ် ဇန်နဝါရီလမှာ ကိပ်ဗာဒီ ကမ်းလွန်ပင်လယ်ပြင်မှာ တာဝန်ရှိသူတွေက ကယ်ဆယ်ခဲ့ရဖူးပါတယ်။

Ref; AFP

Leave a Reply

Your email address will not be published. Required fields are marked *