▪️ လူအများက နစ်နာသူ အမျိုးသမီးဘက် ရပ်တည်ပြီး စောင့်ကြည့်နေကြ

၁၇. ၈. ၂၀၂၃
Written by Peya

အမျိုးသမီးငယ်တစ်ဦး၏ ရည်းစားဟောင်းနှင့် ဗွီဒီယိုများ တယ်လီဂရမ်တွင် အဖြန့်ခံရသည့်အပြင် ခြိမ်းခြောက်ခံရသော ကိစ္စနှင့် ပတ်သက်၍ မသမာသော ဝန်ထမ်းကို ဥပဒေအရ အရေးယူမည်ဟု iSure ဖုန်းအရောင်းဆိုင်နှင့် ပြုပြင်ရေးလုပ်ငန်းက ၎င်းတို့၏ လူမှုကွန်ယက် ဖေ့စ်ဘွတ်ခ် စာမျက်နှာမှတဆင့် ဩဂုတ်လ ၁၆ ရက်တွင် ကြေညာထားပြီး လူအများက နစ်နာသူ အမျိုးသမီးဘက်က ရပ်တည်ပြီး စောင့်ကြည့်နေကြကြောင်း အဆိုပါ လုပ်ငန်း၏ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ရေးသားထားကြသည့် မှတ်ချက်များအရ သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၅ ရက်တွင် Time City ရှိ iSure တွင် ငွေကျပ် တစ်သိန်းကျော်ဖြင့် ဖုန်းကို ပြုပြင်ခဲ့ကာ နောက်ပိုင်းတွင် ဖုန်းကို ပြုပြင်ရန် လက်ခံပေးသူက ၎င်း၏ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် အကောင့်ဖြင့် Add လာခဲ့ကြောင်း ကာယကံရှင် အမျိုးသမီးက ၎င်း၏ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် အကောင့်တွင် ရေးသားထားသည်။

“အဲ့ဒါနဲ့ မကြာပါဘူး ဒီလမှာပဲ ကျမရဲ့ အလုပ် page ဖြစ်တဲ့ Chone Beauty Bar Page ကို အကောင့်တု တစ်ခုကလာပြီး ကျမကို ပြောစရာရှိပါတယ်။ Personal account က ဆက်သွယ်ပေးပါဆိုပြီး ပြောပါတယ်။ ကျွန်မ Personal Facebook အကောင့်ကိုလာပြီး ကျွန်မ နဲ့ ကျွန်မ EX Bf (ရည်းစားဟောင်း) ရဲ့ video ကို Telegram မှာ ရောင်းမယ်၊ မရောင်းစေချင်ရင် ငွေပေးပါဆိုပြီး ပြောပါတယ်။ ကျွန်မကလဲ Video ကို ရိုက်တာ ကျမ ဖုန်းထဲပဲရှိလို့ ဘာမှကိုမကြောက်ပါဘူး။ ဒီခေတ်မှာ ဒီဟာကလဲ ဆန်းကြယ်မနေပါဘူး။ ကျွန်မ single mom ပိုတောင် မကြောက်ပါ။ အဲ့ဒါနဲ့ ပြောပြီး block လိုက်ပါတယ်။ ပြီးတော့ အကောင့်တု ပေါင်းစုံနဲ့ ထပ်လာပြောပါတယ်။ မကြောက်လို့ ခုထိ အေးဆေး နေနေတာပါ။ အခု အသိတစ်ယောက်က လာပြတော့ ကျွန်မ Video တွေကို Telegram မှာ ဖြန့်ထားပါပြီ” ဟု အဆိုပါ အမျိုးသမီးက ရေးသားထားသည်။

အဆိုပါ ဗွီဒီယိုများ ပျံ့နှံ့ရသည့် အပေါ် iSure ကဟု ဆိုနိုင်ခြင်းမှာ ဖုန်းကို မည်သည့် ဖုန်းပြုပြင် Service တွင်မျှ မအပ်ဘူးပဲ မည်သူမှလည်း ဖုန်းကို မကိုင်ကြောင်းနှင့် ရည်းစားဟောင်းဟု သိရန်မှာလည်း ဖုန်းထဲတွင်သာ ရှိနေခြင်းကြောင့် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ပြီးတော့ ကျွန်မ ဖုန်းထဲမှာ Video တွေ Hide လုပ်ထားပြီး ကျွန်မ ဖုန်းထဲက အစီစဉ်တကျအတိုင်းပဲ ကျမကို လာပို့တာပါ။ ဒါကြောင့် iSure လို့ တပ်အပ်ပြောနိုင်တာပါ” ဟု အဆိုပါ အမျိုးသမီးက ရေးသားထားကာ Hide ထားသည်များကို မဖျက်မိသည့် ကိစ္စကို သူငယ်ချင်းများအား ပြောခဲ့သေးပြီး မလုပ်လောက်ဟု ထင်ခဲ့ကြောင်းလည်း ထည့်သွင်းရေးသားထားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဩဂုတ်လ ၁၆ ရက် ညပိုင်းတွင် iSure က ထုတ်ပြန်ချက်တစ်ခုထုတ်ကာ ရှင်းလင်းခဲ့ကြောင်း တွေ့မြင်ရသည်။

အဆိုပါထုတ်ပြန်ချက်၌ “ပထမဦးစွာ ကျွန်တော်များ iSure ကို ယုံကြည်စိတ်ချစွာနဲ့ လာရောက်အပ်နှံတဲ့အပေါ်မှာ ယခုလိုစိတ်မချမ်းမြေ့စရာအဖြစ်အပျက်များ တွေ့ကြုံခဲ့ရခြင်းအတွက် အနူးအညွတ်တောင်းပန်အပ်ပါတယ်။ Customers များစိတ်ကျေနပ်မှုရနိုင်ရန်အတွက် ကျင့်ဝတ်ပိုင်းဆိုင်ရာများကို လေးစားလိုက်နာနိုင်ဖို့ အစဉ်အမြဲကြိုးစားလုပ်ဆောင်ခဲ့သော်လည်း စီမံခန့်ခွဲမှု အားနည်းချက်တွေကြောင့် ယခုလိုဖြစ်ရပ်များဖြစ်ပေါ်ခဲ့သည့်အတွက် iSure Management Team ရဲ့အမှားဖြစ်ကြောင်းကိုလည်း ဝန်ခံတောင်းပန်အပ်ပါတယ်။ နောက်နောင် ယခုလိုအလားတူဖြစ်ရပ်မျိုး မဖြစ်ပွားနိုင်ရေးအတွက် ပိုမိုကြိုးစားလုပ်ဆောင်သွားမှာဖြစ်ကြောင်း ကတိကဝတ်ပြုအပ်ပါတယ်။ ဒါ့အပြင် မသမာမှုပြုလုပ်ခဲ့တဲ့ ဝန်ထမ်းကိုလည်း ဝန်ထမ်းပိုင်းဆိုင်ရာကျင့်ဝတ်အရ အရေးယူမှုအပြင် တရားဥပဒေအရပါ ပြတ်သားစွာအရေးယူဆောင်ရွက်သွား မှာပဲဖြစ်ပါတယ်။ ယခုလို လက်မခံနိုင်စရာဖြစ်ပေါ်ခဲ့တဲ့အခြေအနေအပေါ် အမှန်တရားဖက်က ထောက်ပြရေးသားဝေဖန်ရပ်တည်ပေးကြသူ တစ်ဦးတစ်ယောက်ချင်းစီကိုလည်း ကျေးဇူးအထူးပဲတင်ရှိပါတယ်” ဟု ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *