April 29, 2024

၁၇. ၈. ၂၀၂၃
Written by Htwe Ko Tun

ကိုးကြိမ်မြောက် အမျိုးသမီး ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ၏ အကြိုဗိုလ်လုပွဲများကို ဩဂုတ်လ ၁၅ ရက်နှင့် ဩဂုတ်လ ၁၆ ရက်တို့က ဆက်လက်ကျင်းပခဲ့ရာ ဗိုလ်လုပွဲသို့ ဥရောပတိုက်မှ အမျိုးသမီးလက်ရွေးစင်အသင်းများ တက်ရောက်သွားခဲ့ကြပြီဖြစ်ကြောင်းသိရသည်။

ဩဂုတ်လ ၁၅ ရက်က ပြုလုပ်ခဲ့သော အကြိုဗိုလ်လုပွဲပထမပွဲစဉ်၌ ကမ္ဘာ့အဆင့် ၆ ရှိ စပိန် အမျိုးသမီးအသင်းက ကမ္ဘာ့အဆင့် ၃ ရှိ ဆွီဒင် အမျိုးသမီးအသင်းကို နှစ်ဂိုးတစ်ဂိုးဖြင့်အနိုင်ယူကာ ဗိုလ်ုပွဲတက်ခဲ့သည်။ ပွဲတွင် စပိန်အသင်း က ဘောလုံးပိုင်ဆိုင်မှု ၆၃ ရာခိုင်နှုန်းဖြင့် အသာစီးမှကစားကာ ထိုးဖောက်ဂိုးသွင်းနိုင်မှုလည်းများ၍ မိမိထက်အဆင့်မြင့်သော ဆွီဒင်အသင်းကို အနိုင်ယူခဲ့ခြင်းဖြစ်သည်။

This image has an empty alt attribute; its file name is photo_2023-08-17_11-30-47-1024x682.jpg

ဩဂုတ်လ ၁၆ ရက်တွင် ပြုလုပ်သော ဒုတိယအကြိုဗိုလ်လုပွဲ၌ ကမ္ဘာ့အဆင့် ၄ ရှိ အင်္ဂလန်အမျိုးသမီးအသင်းက ကမ္ဘာ့အဆင့် ၁၀ ရှိ ဩစတြေးလျ အမျိုးသမီးအသင်းကို သုံးဂိုးတစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သည်။ ဤပွဲတွင် ဩစတြေးလျအမျိုးသမီးအသင်းက ပထမပိုင်းအတွင်း အပြန်အလှန်ကစားနိုင်သော်လည်း ဒုတိယပိုင်းတွင်မူ ကစားအားကျကာ အင်္ဂလန်အသင်းက ထိုးဖောက်ဂိုးသွင်းနိုင်ခွင့် ပိုရခဲ့သည်။

ပြိုင်ပွဲ၏ တတိယနေရာအတွက် ဆွီဒင်နှင့် ဩစတြေးလျအသင်းများက ဩဂုတ်လ ၁၉ ရက် မြန်မာစံတော်ချိန် ၁၄း၃၀ နာရီတွင်လည်းကောင်း၊ ဗိုလ်လုပွဲအဖြစ် စပိန်နှင့် အင်္ဂလန်တို့က ဩဂုတ်လ ၂၀ ရက် မြန်မာစံတော်ချိန် ၁၆း၃၀ နာရီတွင်လည်းကောင်း ကစားသွားကြမည်ဖြစ်သည်။ စပိန်နှင့် အင်္ဂလန် နှစ်သင်းစလုံးပင် အမျိုးသမီး ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ၌ ပထမဆုံးအကြိမ် ဗိုလ်လုပွဲရောက်ရှိကြခြင်း ဖြစ်သည်။

၁၉၉၁ ခုနှစ်မှစတင်၍ လေးနှစ်တစ်ကြိမ် ကျင်းပခဲ့သော အမျိုးသမီး ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ၏ ကျင်းပပြီးစီးခဲ့သော ရှစ်ကြိမ်၌ ချန်ပီယံလေးကြိမ်ဖြစ်ကာ အောင်မြင်မှု အမြင့်မားဆုံး အမေရိကန် အမျိုးသမီးဘောလုံးအသင်းမှာ ၁၆ သင်းရှုံးထွက်အဆင့်၌ပင် ဆွီဒင်အမျိုးသမီးအသင်းကို ပယ်နယ်တီဖြင့် ရှုံးနိမ့်ကာထွက်ခဲ့ရပြီး လက်ရှိချန်ပီယံ နယ်သာလန် အမျိုးသမီးအသင်းကလည်း ကွာတားဖိုင်နယ်တွင် စပိန်ကိုအရေးနိမ့်၍ ပြိုင်ပွဲမှထွက်ခဲ့ရသည်။

Leave a Reply

Your email address will not be published. Required fields are marked *