April 29, 2024

၁၆. ၈. ၂၀၂၃
Written by Nyein Kyaw

အချို့သောဆေးခန်းများနှင့် Online Clinic များသည် အွန်လိုင်းမှတစ်ဆင့် တရားမဝင်တင်သွင်းထားသည့် COVID-19 ကာကွယ်ဆေးအတုများကို ထိုးနှံပေးနေမှုများရှိနေသဖြင့် သတိထားရန်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ကျန်းမာရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် ထိုးနှံပေးနေသည့် ကာကွယ်ဆေးများကိုသာ ထိုးနှံကြရန် ကျန်းမာရေးဝန်ကြီးဌာနမှ ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။

ယခုအချိန်တွင် အချို့သောဆေးခန်းများနှင့် Online Clinic များသည် Online Facebook Pages များမှတစ်ဆင့် တရားမဝင်တင်သွင်းသည့် Moderna COVID-19 Bivalent Original and Omicron BA4/BA5 ကာကွယ်ဆေးနှင့် Lot No. AS7185B (Exp: Date 04July2023) ၊ Lot No. AS7144B (Exp: Date 12May2023) ကာကွယ်ဆေးအတုများကို ထိုးနှံပေးနေကြောင်း သတင်းရရှိပါသဖြင့် အများပြည်သူ သိရှိရှောင်ရှားနိုင်စေရန် အသိပေးအကြောင်းကြားခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ကျန်းမာရေးဝန်ကြီးဌာနသည် အများပြည်သူ ရောဂါဘယဖြစ်ပွားမှုကင်းဝေးစေရန် ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေး၊ အာနိသင်ထိရောက်မှုရှိသော ကာကွယ်ဆေးများအား ထိုးနှံပေးလျက်ရှိပါသဖြင့် ပြည်နယ်/တိုင်းဒေသကြီးများအတွင်း ကျန်းမာရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ထိုးနှံပေးသော COVID-19 ကာကွယ်ဆေးများကို သွားရောက်ထိုးနှံကြရန် အသိပေးနှိုးဆော်ထားသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် ဆေးဝါးများ ဘေးအန္တရာယ်ကင်းရှင်းမှုရှိစေရန်နှင့် အရည်အသွေး အကျိုးအာနိသင် ထိရောက်မှုရှိစေရန် ဆေးဝါး မှတ်ပုံတင်ခြင်း၊ ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်းလုပ်ငန်းများကို စနစ်တကျစီစဉ်ဆောင်ရွက်လျက်ရှိပါသဖြင့် Myanmar FDA Registration No. ပါရှိသော ဆေးဝါးများကိုသာ သုံးစွဲကြရန် အသိပေးနှိုးဆော်ထားသည်။

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်သည့် ကုမ္ပဏီ၊ စီးပွားရေးအဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များသည် ခြောက်လအတွင်း မှတ်ပုံတင်ရမည်ဖြစ်ပြီး မှတ်ပုံမတင်ဘဲ ဆောင်ရွက်ပါက ဥပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာ အမှတ် (၅၀/၂၀၂၃)ဖြင့် ဇူလိုင်လ ၂၁ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။

အွန်လိုင်းစနစ်ဖြင့် ရောင်းချမည့်လုပ်ငန်းများ အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်လျှောက်ထားရာတွင် ထောက်ခံချက်များပြည့်စုံပါက အချိန်တိုအတွင်း မှတ်ပုံတင်လက်မှတ် ထုတ်ပေးမည်ဖြစ်ပြီး အစားအသောက်၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်းများသည် ကျန်းမာရေးအရသက်ရောက်မှုကြီးမား၍ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန(FDA) ထောက်ခံချက်မပါရှိပါက စစ်ဆေးမှုမပြုလုပ်ဘဲ အွန်လိုင်းမှတ်ပုံတင်စနစ်မှ ပယ်ချသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။

အမိန့်ကြော်ငြာစာကို ထုတ်ပြန်ပြီး ခြောက်လပြည့်မြောက်သည့် နေ့ရက်မှစတင်၍ မှတ်ပုံတင်လက်မှတ်မရှိဘဲ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ကြောင်း တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ အရ အ‌ရေးယူခြင်းခံရမည်ဖြစ်ကြောင်းနှင့် ချိုးဖောက်ပါက ထောင်ဒဏ် ခြောက်လမှ သုံးနှစ်အထိ ချမှတ်ရမည့်အပြင် ကျပ်ငါးသိန်းထက် မပိုသောဒဏ်ငွေကိုပါ ချမှတ်ခြင်းခံရမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *